မေ ၃၁ ။ ။ တရားမဝင် ရွှေ့ပြောင်းသွားလာဝင်ရောက်မှုတွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ မက္ကဆီကို နိုင်ငံကနေ အမေရိကန်ထဲ ရောက်လာတဲ့ ကုန်ပစ္စည်း အားလုံးအပေါ် အခွန်တွေ ကောက်ခံသွားမယ်ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။
လာမယ့် ဇွန်လ ၁၀ ရက်ကနေစလို့ မက္ကဆီကိုကနေ အမေရိကန်ဆီ တင်ပို့တဲ့ ကုန်ပစ္စည်း အားလုံးအပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်မယ်လို့ ထရမ့်က တွစ်တာကနေတဆင့် ပြောလိုက်ခြင်း ဖြစ်ပါတယ်။
မက္ကဆီကိုအနေနဲ့ ယင်းနိုင်ငံကနေတဆင့် အမေရိကန် နိုင်ငံထဲ ဝင်ရောက်နေတဲ့ တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေကို တားဆီးမပေးနိုင်ခင်အထိ ဒီအခွန်ကောက်ခံမှုနဲ့ ဆက်ကြုံတွေ့နေလိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။
လက်ရှိ အမေရိကန်တောင်ပိုင်း နယ်စပ်မှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု အရေးက အကျပ်အတည်းကြီးတစ်ခုလို ဖြစ်နေပြီး ဒီအပေါ် ကိုင်တွယ်သွားဖို့အတွက် အရေးပေါ် အခြေအနေတစ်ရပ်ကို ထရမ့့်က ကြေညာထားခဲ့တာဖြစ်ပါတယ်။
ခုလို အခွန်ကောက်ခံမှုနဲ့ပတ်သက်လို့ မြောက်အမေရိကဆိုင်ရာ မက္ကဆီကို သံအမတ် ဂျီးဆက် ဆီးဒီကတော့ ဒီလို အခွန်တွေသာ တကယ် ကောက်လာခဲ့ပါက ပြင်းထန်စွာ ပြန်လည် တုန့်ပြန်သွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။