နိုဝင်ဘာ ၈၊ အင်္ဂလန် ။ ။ ယခုတစ်ပတ်နိုင်ငံတကာပွဲစဉ်များအပြီးတွင် မန်ယူအသင်း၏အဓိက ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာမှာ အသင်းတွင် ပြန်လည်ပါ၀င်လာတော့မည် ဖြစ်သည်။
ပေါ့ဂ်ဘာသည် တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့သည့် ၂ လခန့်ကတည်းက အနားယူနေရသူဖြစ်ပြီး မန်ယူအသင်း၏ ပွဲစဉ် ၁၂ ပွဲကို လွဲချော်ခဲ့ပြီး ဖြစ်သည်။ ပေါ့ဂ်ဘာဒဏ်ရာရနေသည့်အချိန်တွင် မန်ယူအသင်းမှာ ခြေစွမ်းပိုင်းယိမ်းယိုင်ခဲ့ပြီး ရလဒ်များဆိုးရွားခဲ့ကာ မန်စီးတီးနှင့် ၈ မှတ်ကွာဟသွားခဲ့ရသည်။
ထို့ကြောင့်ပေါ့ဂ်ဘာ ဒဏ်ရာမှ ပြန်လည်သက်သာလာခြင်းသည် မန်ယူနည်းပြမော်ရင်ဟိုအတွက် အားတက်စရာဖြစ်လာခဲ့ရသည်။ ပေါ့ဂ်ဘာသည် ၎င်း၏ဒဏ်ရာကို အမေရိကန်တွင် ခွဲစိတ်ကုသခဲ့ပြီး အမေရိကန်၌ပင် အနားယူကာ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။
ထို့နောက် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်ကစ၍ မန်ယူအသင်း၏ ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် အပေ့ါစားလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့သည်။
နယူးကာဆယ်နှင့်ပွဲတွင် ပေါ့ဂ်ဘာကို အရန်စာရင်းတွင် ထည့်သွင်းရန်စီစဉ်ထားသော်လည်း အစောတလျင်အရဲ့စွန့်အသုံးပြုမည် မဟုတ်ကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောဆိုထားသည်။