မင်္ဂလာပါ…………….။
ဒီတစ်ပတ်အတွက်ကတော့ အမဲစင်းကော ပင်စိမ်းချက်လေး ချက်ဖြစ်ပါတယ်။ ပင်စိမ်းနံ့ မွှေးမွှေးလေးနဲ့ အမဲစင်းကောချက်ကလေးက ထမင်းမြိန်စေမှာပါ။ ဟင်းချက်ဖို့ လို အပ်တာတွေကတော့
အမဲသား ၃၀သား (နုတ်နုတ်စင်းပြီးဆား နနွင်းနယ်ပြီး နှပ်ထားပါ)
ပင်စိမ်း အနည်းငယ်
ရှမ်းနံနံ အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်
COOK နေကြာဆီ အနည်းငယ်
ကြက်သွန်ဖြူ အနည်းငယ်
ကြက်သွန်နီ အနည်းငယ်
ငံပြာရည် အနည်းငယ်
ချင်း အနည်းငယ်
ချဉ်စော်ကားသီးခြောက် အနည်းငယ် လိုအပ်ပါတယ်။
ဟင်းချက်ဖို့ ပြင်ဆင်မယ်ဆိုရင် အမဲစင်းကောထဲကို ချင်းကိုထောင်း အရည်ညှစ်ပြီး ပြန်နယ်နှပ်ထားပေးပါ။ ကြက်သွန်နီကို ပါးပါးလှီးပါ။ ငရုတ်သီးစိမ်းကိုလည်း အနေတော် လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကိုတော့ လေးစိတ်ကွဲ ထောင်းထားပါ။
ပြီးရင်တော့ ဆီ အနည်းငယ်ကိုထည့် ၊ ဆီပူလာပြီဆိုရင် ကြက်သွန်နီ ကြက်သွန်ဖြူ ကို ရဲနေအောင် ဆီသတ်ပါ။ ကြက်သွန်တွေ ရဲလာရင်တော့ ပါးပါးလှီးထားတဲ့ ပင်စိမ်း ၊ ငရုတ် ၊ ရှမ်းနံနံတွေကိုထည့်ပါ။
အရွက်တွေ နွမ်းသွားရင် အမဲစင်းကောထည့်ပါ။ နှံ့အောင်မွှေပါ။
ရေမထည့်သေးဘဲ အိုးအဖုံးအုပ်ခဏ နှပ်ပါ။ ပြီးရင်တော့ အရသာအတွက် ငံပြာရည် အနည်းငယ် ထည့်ပါ။ နှံ့အောင်မွှေပေးပါ။ ပြီးရင်တော့ အသားမြှုပ်တဲ့ထိ ရေထည့် တည်ပါ။
ရေခမ်းပြီး အသားနူး ဆီပြန်လာပြီဆိုရင်တော့ အမဲစင်းကော ပင်စိမ်းချက်လေးရပါပြီ။
ပင်စိမ်းနံ့မွှေးမွှေးလေးနဲ့ အမဲစင်းကောလေးကို ထမင်းနဲ့စားစား ၊ အမြည်းပဲလုပ်လုပ် အဆင်ပြေမယ့် ဟင်းတစ်မယ်ပါ။ အစပ်ကြိုက်တက်ရင်တော့ ငရုတ်သီးစိမ်း ပိုထည့်လို့ ရပါတယ်။ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။ ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။