မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေ တိုက်တွန်း

မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေ တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ စည်း‌ဝေးပွဲအတွင်း  မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့တိုက်တွန်းခဲ့ကြပါတယ်။

“ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးစည်ပင်ရေးနဲ့ လုံခြုံရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ အခုနှစ် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာနဲ့ အစ္စရေး-ဟားမာ့စ် စစ်ပွဲ ပဋိပက္ခအကြောင်းတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့တယ်လို့လည်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto (ပါရာဘိုဝို ဆပ်ဘီရန်တို)က ပြောပါတယ်။

 မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ တရားဥပဒေ စိုးမိုးမှုတွေအပြင် သဟဇာတမျှတတဲ့ ရင်ကြားစေ့ရေးဖြစ်ပေါ်လာအောင် အင်ဒိုနီးရှားက ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ လက်ရှိအကြပ်အတည်းက ရုန်းထွက်ပြီး ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းလာအောင် တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန် ကတည်းက ပဋိပက္ခတွေ ထူပြောနေတဲ့ မြန်မာ့အရေးကို အငြိမ်းချမ်းဆုံး ဖြေရှင်းဖို့ဆိုရင် အာဆီယံရဲ့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

အခု အစည်းအဝေးမှာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က ဦးဆောင်ပြီး ဂါဇာ ကမ်းမြှောင်ဒေသက စစ်ပွဲတွေ ရပ်ဆိုင်းရေးကိုလည်း ထည့်သွင်း တောင်းဆိုသွားခဲ့ကြောင်း သိရပါတယ်။

ဒီညီလာခံမှာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအားလုံးကို ချက်ချင်း ရပ်တန့်ပြီး အမြင့်ဆုံးသည်းခံချုပ်တည်းမှုတွေကို ကျင့်သုံးဖို့ သက်ဆိုင်သူ အားလုံးကို အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေက တိုက်တွန်းထားတဲ့ ဂျကာတာ ပူးတွဲကြေညာချက်ကို အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ မြန်မာနိုင်ငံ အခြေအနေကို ပိုဆိုးသထက်ဆိုးအောင် မလုပ်ကြဖို့လည်း အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။

အခုအချိန်မှာ အာဆီယံဒေသတစ်ခုလုံးဟာ အခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အေးချမ်းတည်ငြိမ်မှု ရှိနေပေမဲ့ အရှေ့အလယ်ပိုင်းနဲ့ အာရှက အခြား စစ်ရေးပဋိပက္ခတွေအပေါ် အလေးထားစောင့်ကြည့်မှု မရှိရင် ဒီတည်ငြိမ်မှုဟာ အချိန်မရွေးပျောက်ဆုံးသွားနိုင်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Ng Eng Hen က သတိပေးခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ (ADMM) ကို နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ပြုလုပ်ခဲ့ရာမှာ မြန်မာမပါဝင်တဲ့ အာဆီယံ ကိုးနိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေနဲ့ အရှေ့တီမောနိုင်ငံ ကာကွယ်ရေးဝန်ကြီးက လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။

အာဆီယံအဖွဲ့က ဆုံးဖြတ်ထားတဲ့ သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကြောင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကို အာဆီယံထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ကြမယ့် ADMM Plus ညီလာခံကို ဂျကာတာမှာပဲ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required