နျူလက်နက်များ မြောက်ကိုရီးယားတို့ အသုံးပြုလာမည်ဆိုပါက ပြင်းထန်သည့် အရေးယူ တုန့်ပြန်ချက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန် သတိပေး

နျူလက်နက်များ မြောက်ကိုရီးယားတို့ အသုံးပြုလာမည်ဆိုပါက ပြင်းထန်သည့် အရေးယူ တုန့်ပြန်ချက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန် သတိပေး

ဖေဖော်ဝါရီ ၃ ။               ။ နျူကလီးယား တိုက်ခိုက်မှုများ ပြုလုပ်လာမည်ဆိုပါက ပြင်းထန်ဆိုးရွားသည့် တုန့်ပြန်ချက်တို့နှင့် သာရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသို့ ရောက်ရှိခဲ့သည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်က သတိပေးပြောကြားလိုက်သည်။

သမ္မတသစ် ဒေါ်နယ်ထရမ့်လက်ထက် အစိုးရအဖွဲ့အဆင့်မြင့်အရာရှိတစ်ဦး၏ ပထမဆုံးသော နိုင်ငံခြားခရီးစဉ်အဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီးမှာ ယခုအခါ တောင်ကိုရီးယားသို့   ရောက်ရှိလာခဲ့သည်။ သမ္မတ ထရမ့်လက်ထက် အာရှဒေသတွင်း အမေရိကန်မူဝါဒ ယိမ်းယိုင်ပြောင်းလဲနိုင်မှု အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန် အစဉ်အလာမဟာမိတ်နိုင်ငံနှင့်အကြား ဆက်ဆံရေး ခိုင်မြဲရန် ယခုကဲ့သို့ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

ဆက်လက်၍ အမေရိကန် ကာကွယ်ရေးဝန်ကြီးအနေဖြင့် ဂျပန်နိုင်ငံသို့လည်း သွားရောက်ရန် စီစဉ်ထားပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၊ ဂျပန်ကာကွယ်ရေးဝန်ကြီးတို့နှင့်   တွေ့ဆုံဆွေးနွေးမှုများလည်း   ပြုလုပ်သွားရန် ရှိနေသည်။

ပြုံယမ်းအစိုးရအနေဖြင့် ရန်လိုခြိမ်းခြောက်သည့် လုပ်ဆောင်ချက်များ ဆက်လက် လုပ်ဆောင်နေခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။

" အမေရိကန်ကိုပဲဖြစ်ဖြစ်၊ မဟာမိတ်နိုင်ငံတွေကိုပဲဖြစ်ဖြစ် တိုက်ခိုက်မှုတွေ လုပ်လာရင်တော့ ဒါကို ချေမှုန်းသွားမှာပါ၊ ဒါ့အပြင် နျူလက်နက်များသုံးလာခဲ့ပြီဆိုရင်တော့ ပြင်းထန်ကြီးလေးတဲ့အရေးယူ တုန့်ပြန်မှုနဲ့ သူတို့ရင်ဆိုင်ရပါလိမ့်မယ်" ဟု ကာကွယ်ရေးဝန်ကြီးက သတင်းထောက်များကို ပြောသွားသည်။

နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာရေး အမေရိကန်တို့၏ ဆက်လက်အလေးထားမှုကို ပြသရန်နှင့် တောင်ကိုရီးယား၏ ဒီမိုကရေစီရေးအတွက် ပါဝင်ကူညီမှုတို့ကို ပြသရန် ဆိုးလ်မြို့သို့   ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required