ဒီဇင်ဘာ ၂၃ ။ ။ ကမ္ဘာ့သက်တမ်းအကြာဆုံးနှင့် နိုင်ငံတွင် တတိယမြောက်အကြီးဆုံးဘဏ်ကြီးဖြစ်သည့် Monte Dei Paschi di Siena အပါအဝင် အကျပ်အတည်းကျရောက်နေသော ဘဏ်များကို ကူညီကယ်မပေးနိုင်ရန်အတွက် ယူရို ၂၀ ဘီလီယံ (ဒေါ်လာ ၂၀ ဒသမ ၈ ဘီလီယံ) လျာထားသတ်မှတ်ပေးမည့် အစီအစဉ်တစ်ခုကို အီတလီအစိုးရက အတည်ပြုပေးလိုက်သည်။
ဘဏ်များကို ကူညီကယ်မပေးရေး အရေးပေါ်ကြေညာချက်တစ်ခုကို အီတလီဝန်ကြီးချုပ် ပေါ်လိုဂျန်တယ်လိုနီက ယမန်နေ့ည ၀န်ကြီးအဖွဲ့အထူးအစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာသွားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့သက်တမ်းအကြာဆုံး ဘဏ် Monte Dei Paschi di Siena က ယင်းအနေဖြင့် ပုဂ္ဂလိကဘက်မှ ငွေကြေးရှာဖွေထူထောင်မည့်အစီအစဉ်ကို ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိဟု ဆိုသည်။ ယင်းအတွက်ကြောင့်လည်း ယခုကဲ့သို့ အစိုးရကိုယ်တိုင် ကြားဝင်ကယ်မပေးမည့်အစီအစဉ်ကို လမ်းဖွင့်ပေးခဲ့ရသည်ဟုလည်း သိရသည်။
ယခုကဲ့သို့ ဘဏ်များကို ကူညီကယ်ဆယ်မည့်အစီအစဉ်လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘဏ်အကောင့်ပိုင်ရှင်များကို ကာကွယ်ပေးနိုင်ရန်ဖြစ်သကဲ့သို့ တစ်ချိန်တည်းတွင်လည်း နိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကို တွန်းအားပေးရန် ရည်ရွယ်ကြောင်း ၀န်ကြီးချုပ်က ပြောသွားသည်။