အောက်တိုဘာ ၂၆ ။ ။ ဟောင်ကောင်ဥပဒေပြုကောင်စီတွင် အောက်တိုဘာ ၂၆ ရက်က အခြေအနေရှုပ်ထွေးနေခဲ့ပြီး လောလောလတ်လတ် ရွေးကောက်ခံထားရသည့် ပေကျင်းမုန်တီးသော အမတ်နှစ်ဦး၏ ကျမ်းသစ္စာကျိန်ဆိုမည့်ကိစ္စအပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
အသစ် ရွေးကောက်ခံထားရသည့် အမတ်နှစ်ဦးဖြစ်သည့် Yau Wai Ching နှင့် Baggio Leung တို့နှစ်ဦးမှာ တရုတ်အစိုးရလက်အောက်မှ ခွဲထွက်ရေးအပေါ် ထောက်ခံလိုလားသူများဖြစ်ကြပြီး ယခုထက်ထိ ကောင်စီတွင် ကျမ်းကျိန်နိုင်ခြင်းမရှိသေးပေ။
အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းက ယင်းဥပဒေပြုကောင်စီရှေ့တွင် ကြွေးကြော်မှုများ၊ အော်ဟစ်မှုများ ရှိထားခဲ့သည်။ အမတ်နှစ်ဦး၏ ကျမ်းကျိန်မှုကို ဆိုင်းငံ့ထားဦးမည်ဖြစ်ကာ ယခု ကောင်စီအစည်းအဝေးများသို့ တက်ရောက်ရန် ၎င်းတို့အား ယာယီတားမြစ်ထားကြောင်းလည်း သိရသည်။
ယခုအခါ ပေကျင်းအစိုးရက ပိုမိုချုပ်ကိုင်လာနေသည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသည့်အလျောက် ယင်း တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွတ်လပ်ရေးတောင်းဆိုသော လှုပ်ရှားမှုများ မြင့်တက်လာနေခဲ့သည်။
ပြီးခဲ့သည့်လက ရွေးကောက်ပွဲများတွင်လည်း ခွဲထွက်ရေးလိုလားသော အမတ်များကပဲ အနိုင်ရလာခဲ့ကြသည့်အတွက် နိုင်ငံရေးသဘောကွဲလွဲမှု အရှိန်မြင့်လာခဲ့သည်။