မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ငါးရက်အတွင်း ခြောက်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ရှစ်ဦးသေဆုံးခဲ့ကြောင်း မတ္တရာမျိုးမှန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
မတ္တရာမြို့နယ်အတွင်း ကျောက်တံတား၊လက်ဝဲကြီး၊လမိုင်း၊မန်ကျည်းကုန်း၊ အောင်ချမ်းသာ၊မြောင်းဦး၊ကင်းရွာ၊စခန်းသာ၊ကျောက်ဆည်လေးကျေးရွာနှင့် ဇီးဖြူပင်ကျေးရွာတို့ကို မွှေနှောက်ဖျက်ဆီးခဲ့သော စစ်ကြောင်းကိုအောက်တိုဘာလ ၃၀ ရက် မှ နိုဝင်ဘာလ၄ရက်အတွင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
" ရန်သူဘက်က ရှစ်ဦးသေပြီး ခုနစ်ဦး ဒဏ်ရာရရှိသွားတယ်ဆိုတာ မြေပြင်သတင်းတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ဘက်က အထိအခိုက် မရှိပါဘူး"ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။
တိုက်ခိုက်မှုကို မတ္တရာမျိုးမှန်တပ်ဖွဲ့၊တပ်ရင်း(၁)၊တပ်ခွဲ(၂)က ပြုလုပ်ခဲ့ခြင်းဟုသိရသည်။ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ထိုစစ်ကြောင်းသည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့ အခြေစိုက် ခလရ (၉၁)မှဖြစ်ပြီး ၎င်းတို့နှင့်အတူ ပျူစောထီများနှင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သည်ဟု မတ္တရာမျိုးမှန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။ လက်ရှိတွင် ကျောက်တံတားကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားကြောင်းသိရသည်။
စာတည်း - အေးချမ်း