ဓါးထက်တဲ့ကာလမှာ ပုဂံဘုရားအချို့ကို သာမန် လက်သမား ပန်းရံဆရာများဖြင့်သာ ပြင်ခဲ့ကြဟု ဦးရဲထွဋ် ပြော

ဓါးထက်တဲ့ကာလမှာ ပုဂံဘုရားအချို့ကို သာမန် လက်သမား ပန်းရံဆရာများဖြင့်သာ ပြင်ခဲ့ကြဟု ဦးရဲထွဋ် ပြော
ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ

ယခင်သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိခဲ့သူနှင့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က စစ်အစိုးရလက်ထက်တွင် ပုဂံဘုရားများ ပြုပြင်ရာ လုံခြံရေး တာဝန်ယူပေးခဲ့ရပြီး ဘုရားအချို့ကို သာမန်လက်သမား၊ ပန်းရံဆရာများဖြင့်သာ ပြင်ဆင်ခဲ့သည်ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖွင့်ဟ ပြောဆိုသည်။

“ဘုရား အကြီးတွေတော့ မသိဘူး။ မြင်ခဲ့ရတဲ့ ဘုရားအသေးတွေမှာ သာမန်လက်သမား၊ပန်းရံနဲ့ တွယ်နေကြတာပဲ။ အပြိုင်အဆိုင် အမြန်ပြီးအောင် ပြင်နေတော့ ဘယ်ပညာရှင်မှလည်း စုံအောင်လိုက်ပြီး ကြီးကြပ်နိုင်တာ မတွေ့ရဘူး” ဟု ဦးရဲထွဋ်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသည်။

ဘုရားများပြုပြင်စဉ်က လေးလခန့် လုံခြုံရေးတာဝန်ယူခဲ့ရသည်ဟုဆိုထားပြီး ဓားထက်သည့်အချိန် ဖြစ်ခြင်းကြောင့် မပြောရဲ မဆိုရဲ ဖြစ်ခဲ့ရသည်ဟုလည်း သူကရေးသားသည်။ “ရှေးဟောင်းက ပညာရှင်တွေက မလုပ်သင့်မှန်း သိပေမယ့် ဘယ်သူမှ မပြောရဲဘူး။ ဓားထက်တဲ့အချိန်ကိုး” ဟု သူကဆိုသည်။

စစ်အစိုးရလက်ထက်တွင် ထောက်လှမ်းရေးအကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဦးခင်ညွန့်၏ ပုဂံဘုရားများ ပြုပြင်မှုအတွက် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး "မပြုပြင်ဘဲထားရင် ပုဂံဘုရားတွေက ပျက်စီးကုန်မှာပေါ့။ အခု တစ်ဝက်လောက်က ပျက်စီးသွားပြီ။ အဲ့ဒါမပြုပြင်လို့ မထိန်းသိမ်းလို့ အခု တို့နောက်ပိုင်းကာလမှာ ဘုရားကုန်းတွေကို ပြန်ပြီးတော့ ဘုရားပြန်တည်တယ်။ အဲ့ဒါကို ပြန်ပြီးတော့ မူလပုံစံမပျက်ပြန်ပြီး တည်ထောင်ခဲ့တယ်” ဦးခင်ညွန့်က လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင် မီဒီယာများသို့ ပြောဆိုခဲ့သည်။

တိုက်ဆိုင်စွာပင် သြဂုတ်လ ၂၄ ရက်က မြေငလျင် လှုပ်ခဲ့ခြင်းကြောင့် ပုဂံရှိဘုရားစေတီပေါင်း ၂၀၀ နီးပါး ပြိုကျ ပျက်စီးခဲ့ရသည်။ ထိုဘုရားများကို အလျင်စလို မပြင်သင့်ဘဲ ယူနက်စကို၏ အကူအညီကို ရယူကာ အဆင့်မြင့် နည်းပညာများသုံး၍ ပြုပြင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသည်။

သို့သော် ဦးခင်ညွန့်ကမူ “ယူနက်စကိုက အကူအညီလိုချင်လို့ ဒါတွေမပြုပြင်ဘဲ ဒီအတိုင်းထားမယ် ဆိုရင် တို့သမိုင်းပျက်သွားမှာပေါ့။ ပျက်စီးသွားမှာ။ ဘုရားတွေအားလုံး ပျက်စီးသွားရင် တို့သမိုင်းမရှိတော့ဘူးလေ။ ကုန်သွားမယ်လေ။ အဲဒီတော့ ယူနက်စကိုပြောတဲ့ အတိုင်းလည်း တို့က မလုပ်နိုင်ဘူး။ တို့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်။ အဲဒီတော့ ယူနက်စကို ပြောတိုင်းပြောတိုင်း လိုက်မလုပ်နိုင်ဘူး။ သူတို့ အသိအမှတ်ပြု ပြု၊ မပြုပြု တို့ရဲ့ ရိုးရာယဉ်ကျေးမှု အမျိုးသားယဉ်ကျေးမှု တို့ထုံးတမ်းစဉ်လာကို ထိန်းသိမ်းရမယ်” ဟု လွန်ခဲ့သည့် နှနှစ်က ပြောဆိုခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required