ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် Air-KBZ ခရီးသည်တင် လေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ရေမွှာပေါက်ပြီး ကလေးမီးဖွားမှု ဖြစ်ခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းက မဇ္ဈိမကို ပြောသည်။
တာချီလိတ်မှ ရန်ကုန်သို့ ထွက်ခွာသည့် လေယာဉ်ပေါ်တွင် ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းက ကလေးမီးဖွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ရေမွှာပေါက်သွားသဖြင့် အရေးပေါ်လှည့်ပြန် ဆင်းသက်ခဲ့သော်လည်း အချိန်မမီဘဲ လေယာဉ်ပေါ်တွင် အတူစီးခရီးသည်များ၏ အကူအညီဖြင့် အောင်မြင်စွာမွေးဖွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်လေဆိပ်သို့ လေယာဉ်ဆင်းသက်ချိန်တွင် ကလေးမီးဖွားပြီးဖြစ်ကာ ကလေးရော၊ မိခင်ပါ ကျန်းမာရေးကောင်းမွန်သည်ဟု လူမှုကူညီကယ်ဆယ်ရေး အသင်းက မဇ္ဈိမကို ပြောသည်။
“လေယာဉ်ပေါ်မှာ ရေမွှာပေါက်သွားပြီပေါ့၊ မွေးဖွားခါနီးမှာ လှမ်းခေါ်တာဗျ၊ ကျွန်တော်တို့ သွားတဲ့အချိန်မှာတော့ လေယာဉ်ပေါ်မှာ မွေးဖွားပြီးသွားပြီ၊ ကလေးရော၊ မိခင်ရော ကျန်းမာရေး ကောင်းမွန်ပါတယ်” ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းက ပြောသည်။
လက်ရှိမှာ မွေးကင်းစ သမီးငယ်နှင့် မိခင်ဖြစ်သူတို့သည် တာချီလိတ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတခုတွင် ကောင်းမွန်စွာ ရှိနေကြောင်း သိရသည်။
လေယာဉ်ပေါ်မှာ အောင်မြင်စွာ ကလေးမီးဖွားသည့် အဖြစ်အပျက်သည် မြန်မာနိုင်ငံတွင် မကြုံစဖူးကြားရသော အဖြစ်အပျက်ဖြစ်ပြီး မွေးကင်းစ သမီးငယ်နှင့် မိခင်ဖြစ်သူတို့ နှစ်ဦးစလုံးသည် “လွန်စွာကံကောင်းသူ” များ ဖြစ်သည်ဟု လူအများအပြားက မှတ်ချက်ပေးထားကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”