သာယာဝတီထောင်တွင် နိုင်ငံရေးကျဉ်းသား ၅ ဦး ရိုက်နှက် တိုက်ပိတ်ခံရ

By 001 (မဇ္စျိမ)
16 August 2023
သာယာဝတီထောင်တွင် နိုင်ငံရေးကျဉ်းသား ၅ ဦး ရိုက်နှက် တိုက်ပိတ်ခံရ
သာယာဝတီအကျဉ်းထောင် ကျောင်းသားများကို လက်ပံတန်းတရားရုံးတွင် ၂၀၁၅ ခုနှစ် မတ်လအတွင်းက ရုံးထုတ်စဉ်။ (ဓာတ်ပုံ-EPA)

ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် ပြီးခဲ့သည့် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ်နေ့ မတိုင်မီ က စစ်ကားကိုးစီးဖြင့် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီးနောက် ဩဂုတ်လ ၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ငါးဦး ရိုက်နှက်တိုက်ပိတ်ခံရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သော ယုံကြည်ရသည့် သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားငါးဦးသည် အကျဉ်းထောင်တွင် တန်းထုတ်သည့်အချိန် စကားပြောနေသည့် အတွက်ဟုဆိုကာ စစ်ကောင်စီတပ်သားများက ရိုက်နှက် တိုက်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“တန်းထုတ်တဲ့အချိန် ကလေးငါးယောက်က စကားပြောလို့တဲ့။ အဲဒီငါးယောက်ပဲလား၊ ငါးယောက်ထက် ပိုလားတော့မသိဘူး၊ ဆန္ဒပြဖို့တိုင်ပင်နေတယ်ဆိုပြီးတော့ ဖမ်းပြီးတိုက်ပိတ်လိုက်တယ်”ဟု အကျဉ်း ထောင်နှင့်နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားငါးဦး၏ အမည်များနှင့် နောက်ဆက်တွဲအခြေအနေများကို မဇ္ဈိမက ဆက် လက်စုံစမ်းနေသည်။

စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် ကားကိုးစီးသည် ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် အကျဉ်းထောင်သို့ရောက်ရှိလာခြင်းဖြစ်ပြီး ဩဂုတ်လ ၉ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားသော်လည်း စစ်သားများ ပြန်ပါသွားခြင်းမရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့ကလည်း သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားများ စုပေါင်းပြီး အာဇာနည်နေ့အထိမ်းအမှတ် အလေးပြုခြင်းနှင့် ဖဲကြိုးအနက်ရောင် ရင်ဘတ်တွင် တပ်ဆင် ခြင်းကြောင့် ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား ၃၁ ဦးကို ရိုက်နှက်တိုက်ပိတ်ခဲ့ သည်။

ထိုသို့ ရိုက်နှက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားလေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ကိုသန်းတိုးအောင်မှာ ဦးခေါင်းသွေးခဲမှုကြောင့် သေဆုံးသွားပြီဟု သတင်းများထွက်နေသော်လည်း သီးခြား အတည် မပြုနိုင်သေးပေ။

“၃၁ ဦးထဲမှာ အမျိုးသမီးတွေကတော့ တော်တော်များများကိုတိုက်ဖွင့်ပေးလိုက်ပြီ၊ ပြီးတော့ မရွှန်းအိဖြူ လား၊ အဲဒီတဦးတော့ကျန်သေးတယ်၊ သူ့ကိုတော့ ချန်ထားတယ်၊ ကျန်တဲ့သူတွေကိုတော့ တိုက်ဖွင့်ပေး လိုက်ပြီဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPN)၏ တာဝန်ရှိသူ ကိုသိုက် ထွန်းဦးက မဇ္ဈိမကို ပြောသည်။

အလားတူ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားရှစ်ဦး ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ဩဂုတ်လ ၁၅ ရက်နေ့အထိ တိုက်ပိတ်ခံထားရဆဲဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

ထို့ပြင် ဒိုက်ဦးထောင်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲများပါဝင်သည့် အထူးရှာ ဖွေရေးအဖွဲ့များ ဝင်ရောက်လာပြီး အကျဥ်းသားများထံမှ စာရွက်၊ ဘောပင်၊ ခဲတံကအစ သိမ်းဆည်း သွားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောသည်။

လက်ရှိတွင် ဒိုက်ဦးထောင်နှင့် သာယာဝတီထောင်တို့တွင် နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံနေရမှု များရှိပြီး ထောင်အာဏာပိုင်များက ထောင်တွင်းသတင်းများကို အမှောင်ချထားကြောင်း အကျဉ်းထောင် နှင့် နီးစပ်သူများက ဆိုသည်။

ယခုလို နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းနှိပ်စက်ခံနေရမှုအပေါ်  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကူညီပေးစေလိုကြောင်း နိုင်ငံရေး အကျဉ်း သားတဦး၏ မိသားစုဝင်က တောင်းဆိုသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ထိ နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄,၂၆၅ ဦးရှိပြီး ထိုအထဲမှ ၁၉,၇၅၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဥ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required