ကျိုက်မရောနှင့် ကျုံဒိုးမှ စစ်ကောင်စီစခန်းများ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ၍  ၆ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

By ဂျူချန်း (မဇ္ဈိမ)
14 August 2023
ကျိုက်မရောနှင့် ကျုံဒိုးမှ စစ်ကောင်စီစခန်းများ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ၍  ၆ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
ဓါတ်ပုံ- Alpha Bats တပ်ဖွဲ့ဝင်များ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွစစ်ဆေးရေးဂိတ်နှင့် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့ရှိ ဂျိုင်းမြစ်ကူးတံတားအနီးမှ စစ်ကောင်စီစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း Alpha Bats Drone တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကောင်စီတပ်မှအင်အား ၃၀ ခန့် အထိုင်ချလေ့ရှိသည့် ကျိုက်မရောမြို့နယ် အတ္ထရံတံတား (ချောင်းနှစ်ခွ) စစ်ဆေးရေးဂိတ်ကို KNDO တပ်ရင်း(၆)၊ Alpha Bats ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ fixed wing အမျိုးအစားဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ခြောက်ဦးသေဆုံးကာ လေးဦး အပြင်းအထန်ဒဏ်ရာသွားကြောင်း သိရသည်။

“ခြောက်ယောက်သေ၊ လေးယောက်ထိတယ်။ ကျနော်တို့ နယ်မြေခံသတင်းရင်းမြစ်ကလည်း အတည်ပြု ထားပါတယ်။ ရင်း(၆) က အဲဒီအထိ ပေါက်တယ်လေ” ဟု Alpha Bats ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ကျုံဒိုးမြို့ ဂျိုင်းတံတားထိပ်ရှိစစ်ကောင်စီစခန်းသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူးလာမည်ဟု သတင်းရရှိသောကြောင့် ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ နားနေဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အရာရှိအဆင့်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

“အဲဒီစစ်ကောင်စီစခန်းမှာ နားနေဆောင်အကြီးကြီးရှိတယ်။ အဲဒီမှာဝင်နားမယ်လို့ သတင်းရတယ်။ သူတို့ ဘက်က သတင်းအရမ်းဖုံးထားတော့ အရာရှိထိတယ်လို့ပဲ သိရတယ်။ ဘယ်ရာထူးအဆင့်လဲ တိတိကျကျ မသိရဘူး။ ဒါပေမယ့် ထိသွားတဲ့ အရာရှိသုံးယောက်ထဲက တယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရတယ်လို့ သိရတယ်”  ဟု Alpha Bats ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၆) မှ လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းအား KNDO တပ်ရင်း (၆)၊ Alpha Bats Fixed Wings Drone တပ်ဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့ရာ ရဲလေးဦးသေဆုံးခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly