ကျုံဒိုးမြို့ပြစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်နှင့် BGFတပ်မှ ၁၅ဦးကျော်သေဆုံး 

By သွင်ထူးဈာန် (မဇ္ဈိမ)
29 March 2023
ကျုံဒိုးမြို့ပြစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်နှင့် BGFတပ်မှ ၁၅ဦးကျော်သေဆုံး 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၅)၊ ခမရ(၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနှင့် ငါးတိုင် အလယ်တန်းစာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် ရဲများကို မတ်လ၂၅ရက်နေ့  နံနက် ၇နာရီမိနစ် ၃၀တွင် ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်း (KTLA)မှ မတ်လ၂၈ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

“ကျနော်တို့က စစ်ကြောင်းတစ်ကြောင်း၊ တပ်ခွဲ သုံးခွဲနဲ့ တိုက်တာ၊ တစ်နေ့ထဲကို ပစ်မှတ်ထားပြီး တိုက်တာတော့မဟုတ်ဘူး၊ မဟာဗျူဟာမြောက်တိုက်ခိုက်ခဲ့တယ်၊ တိုက်ခိုက်ခဲ့တဲ့နေရာတွေက စစ်ကောင်စီတပ်ဖွဲ့တွေအခြေစိုက်တဲ့နေရာတွေပါ၊ အင်အားအလုံးအရင်းနဲ့ ဝင်တာတော့မဟုတ်ဘူး၊ ကျနော်တို့ အထူးကွန်မန်ဒိုတွေနဲ့ တိုက်ခိုက်ခဲ့တာပါ”ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ပြန်ကြာရေးတာဝန်ရှိသူ ရဲဘော်အညာသားက ပြောသည်။ 

စစ်ကောင်စီတပ် ခမရ(၅၄၅)၊ခမရ(၅၄၆)တို့သည် စစ်ဆင်းရေးပြုလုပ်ခြင်းမရှိဘဲ ကော့ကရိတ်မြို့ မြို့ထိန်းတပ်အနေဖြင့် မြို့စောင့်တပ်ပြုလုပ်နေသည့် တပ်ဖြစ်ကြောင်းသိရသည်။ ယင်းတပ်ရင်းတို့တွင် ခန့်မှန်းအင်အားအများအပြားရှိပြီး ခံစစ်ပြင်ဆင်ထားသည့် တပ်ဖြစ်ကြောင်းသိရသည်။ 

မတ်လ၂၅ရက်နေ့မှ မတ်လ၂၆ရက်နေ့အထိ နှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးကျော်သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းထံမှသိရသည်။ 

တိုက်ပွဲတွင် Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်အရှည်ကြီး၊ ရဲဘော်မျိုးကြီးနှင့် ရဲဘော်သရဲနီတို့သည် လက်နက်ကြီးကျည်ကြောင့် ကျဆုံးသွားခဲ့ကြောင်း သိရသည်။ 

“သိမ်းဆည်းရမိတဲ့ လက်နက်တွေရှိတယ် သေချာစိစစ်ပြီးမှ ကျနော်တို့ သတင်းထုတ်ပြန်ဖို့ရှိပါတယ်၊ လက်တလောမှာတော့ စီစစ်ဆဲပဲရှိပါသေးတယ်”ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ပြန်ကြာရေးတာဝန်ရှိသူ ရဲဘော်အညာသားက ပြောသည်။ 

အဆိုပါတိုက်ပွဲကို Lion Battalion Commando-ဗျူဟာစစ်ကြောင်း (KTLA)၊ KNLA၊ KNDOအမှတ်(၆)တပ်ရင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly