စစ်တပ်ပိုင်ကုန်စည် မသုံးစွဲရေး သပိတ်အင်အားစုများ စုပေါင်းတိုက်တွန်း

By ဂန္ဒမာ (မဇ္ဈိမ)
10 August 2023
စစ်တပ်ပိုင်ကုန်စည် မသုံးစွဲရေး သပိတ်အင်အားစုများ စုပေါင်းတိုက်တွန်း

စစ်‌ေကာင်စီတပ်ပိုင် အရက်၊ ဘီယာ၊ စီးကရက်နှင့် အချိုရည် ကုန်စည်များကို မသုံးစွဲဘဲ ပြတ်ပြတ်သားသား သပိတ်မှောက်(Boycott) ရန် သပိတ်အင်အားစုများက စုပေါင်းတိုက်တွန်းထားသည်။

ထိုအစီအစဉ်တွင် ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ၊ ကျား မ မရွေး ပါဝင်ဆင်နွှဲနိုင်ပြီး စစ်‌ေကာင်စီ၏ ဝင်ငွေရင်းမြစ်များကို ဖြတ်တောက် ရိုက်ချိုးရန် ရည်ရွယ်ကြောင်း သိရသည်။

"အဓိက ကတော့ စီးပွားရေး မျက်နှာစာတိုက်ပွဲဖြစ်တယ် ။ စစ်အုပ်စုရဲ့ ပြည်တွင်းဝင်ငွေအရင်းအမြစ်ဖြစ်နေတဲ့ အရက်၊ ဘီယာ၊ ဆေးလိပ် စတဲ့ ထုတ်ကုန်တွေဆီက စီဆင်းနေတဲ့ ဝင်ငွေပမာဏ ဟာအင်မတန်များတဲ့ဝင်ငွေပမာဏ ဖြစ်ပါတယ်။ အဲ့ဒီ့ ဝင်ငွေတွေကနေတဆင့် ပြည်သူကို အကြမ်းဖက် ရမ်းကား သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ကျည်ဆန်ဖိုးတွေအဖြစ် ဆက်လက်စီးဆင်းနေတယ်လို့ ကျွန်တော်ကတော့နားလည်တယ်" ဟု ရန်ကုန်ရှိ သပိတ်အင်အားစုတစ်ခုမှ ရဲဘော် အိုမီက မဇ္ဈိမ ကို ဖြေကြားသည်။

ပြည်သူများအနေဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ စားသုံးခြင်းမပြုရမည့် စစ်တပ်ပိုင် ကုန်စည်များမှာ မြန်မာ ဘီယာ (Myanmar Beer) ၊ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold) ၊ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon) ၊ မန္တလေး ဘီယာ၊ ရမ် (Mandalay) ၊ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout) ၊ အာမီရမ် (Army Rum)၊  Red Ruby စီးကရက် နှင့် Premium Gold စီးကရက်တို့ဖြစ်ကြောင်း ကြေညာထားသည်။

ကမ်ပိန်းတွင် အချိန် နှစ်လအတွင်း တပ်ပိုင်ကုန်စည်များ လက်ရှိစုစုပေါင်း ရောင်းအား၏ (၇၀%) အထိ ထိုးကျသွားရန် ရည်ရွယ်ကာ “ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” ဦးဆုံးခြေလှမ်းကို စတင်မည်ဖြစ်ကြောင်း သိရသည်။

"တော်လှန်ရေးအစကတည်းက စစ်တပ်ထုတ်ကုန်တွေကို Bcပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေ၊ခေါင်းဆောင်တွေက ဆော်ဩခဲ့တာရှိပါတယ်။ အဲ့ဒီ့တုန်းကတည်းက ဒီ အရက်တွေ၊ ဘီယာတွေ၊ဆေးလိပ်တွေ ကိုအဓိက ထားပြီး ဆော်ဩခဲ့တာဖြစ်ပါတယ်။ ယခုအချိန်အထိလည်း ဒီ ထုတ်ကုန် ဒီတံဆိပ်တွေဆီကနေပဲ စစ်အုပ်စုက ဝင်ငွေအမြောက်အမြားရရှိနေတာဖြစ်တဲ့အတွက်ကြောင့် သွေးစွန်းငွေ စီးဆင်းမှုကိုဖြတ်တောက်ဖို့ရာ ပြည်သူလူထုတစ်ရပ်လုံးက စစ်အုပ်စုရဲ့ထုတ်ကုန်တွေကို ထိထိရောက်ရောက် Boycott ပြုလုပ်ကြဖို့လိုပါတယ်" ဟု အိုမီက ဆက်ပြောသည်။

ယခု ကမ်ပိန်းသည် ဘဏ္ဍာရေးတိုက်ပွဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကာ စစ်အုပ်စု၏ ဝင်ငွေရင်းမြစ်များကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနှင့် လှဲဖြို၊ ဖြတ်တောက်ရန်လိုအပ်ကြောင်း သပိတ်အင်အားစုများက စုပေါင်းတိုက်တွန်းသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required