မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဖယ်ရှားခံရမည့် နေအိမ်အဆောက်အအုံများ စာရင်းတွင် ဘုန်းကြီးကျောင်းများ ပါဝင်နေ၍ ဝါဆိုသံဃာတော်များ အခက်ကြုံနေရသည်ဟု ဒေသခံများထံက သိရသည်။
"နန်းဦးလွင်(ရွာ)ကန်ကောက်ကွက်သစ်ဘက်က ဘုန်းကြီးကျောင်းသုံးကျောင်း ဖျက်ပေးရမယ့်စာရင်းထဲပါတယ်။ လောလောဆယ် သုဓမ္မာရွာဦးကျောင်းက ဝါဆိုသံဃာတော်တွေ အခက်အခဲဖြစ်နေကြတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖယ်ရှားရှင်းလင်းခံရမည့် စာရင်းတွင် ပါ၀င်နေသည့် ဘုန်းကြီးကျောင်းများသည် နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိသော ကျောင်းတိုက်ကြီးများဖြစ်ကာ သာသနာရေး၀န်ကြီးဌာနထံ သာသနာ့မြေအဖြစ် ခွင့်ပြုရန် တင်ပြထားသော ကျောင်းတိုက်ကြီးများဖြစ်ကြောင်း သိရသည်။
"အိမ်ခြေ ၂၀၊ ၂၅ လောက် ရှိကတည်းက ဒီကျောင်းတွေ တည်လာခဲ့တာ၊ အောင်ပင်လယ်ပတ်လမ်းကြီး မဖောက်ခင်ကတည်းကဆိုတော့ နှစ်ပေါင်း ၃၀ မကတော့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၅ လောက်က သာသနာ့မြေ ခွင့်ပြုဖို့လျှောက်ထားဖူးတယ်" ဟု ဖယ်ရှားခံရမည့်ကျောင်းတိုက်တစ်ခုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ထားခြင်းကြောင့် ဟူသောအကြောင်းပြချက်ဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင် ၊ ကန်ကောက်နှင့် ဂွေ့ကြီးကုန်းကျေးရွာများမှ နေအိမ် ၁၀,၀၀၀ နီးပါးအား ဇူလိုင်လ ၆ ရက်နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်းရန် စစ်ကောင်စီက အကြောင်းကြာစာ ထုတ်ထားသည်။
အကြောင်းကြားစာပေးပို့ခြင်း၊ စာကပ်ခြင်း၊ အနီရောင်ကြက်ခြေခတ် အမှတ်အသား ရေးဆွဲခြင်းတို့ဖြင့် ဖိအားပေး ဖယ်ရှားရှင်းလင်းခိုင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း၌ ယင်းကျေးရွာ သုံးရွာအပြင် မဲကင်းကုန်း၊ တဲကုန်း ၊သစ်ချိုကုန်း၊ ညောင်ပင်သာ ၊ဆင်ရွာကြီး ၊သန့်စင်ကုန်း နှင့် သလဲကုန်း စသည့်ကျေး ရွာများလည်း ပါ၀င်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အဆိုပါကျေးရွာများမှ ဘုန်းကြီးကျောင်းတချို့လည်း ဖယ်ရှားခံရမည့်စာရင်းထဲ ပါ၀င်နေကြောင်း ဒေသခံများက ဆိုသည်။
နေပြည်တော်တွင် စစ်ကောင်စီခေါင်းဆောင် တည်နေသော ကျောက်ဆစ်ရုပ်ပွားတော်ရှိရာ မာရဝိဇယဗုဒ္ဓဥယျာဉ် အနီးရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်စုစုပေါင်း ၅၀၀ ကျော်ကိုလည်း ဇွန်လ ၂၁ရက်မှစ၍ ဖယ်ရှားရှင်းလင်းခဲဲ့သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး