ကရင်နီပြည်နယ် မယ်စဲ့မြို့မရဲစခန်း သိမ်းပိုက်ခံရပြီး စခန်းမှူးသေဆုံး

By ဂျူချန်း (မဇ္ဈိမ)
13 June 2023
ကရင်နီပြည်နယ် မယ်စဲ့မြို့မရဲစခန်း သိမ်းပိုက်ခံရပြီး စခန်းမှူးသေဆုံး

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့မြောက်ပိုင်းရပ်ကွက် ဆေးရုံအနီးရှိ မယ်စဲ့မြို့မရဲစခန်းကို ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးအဖွဲ့များမှ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စခန်းမှူးပါသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“တော်တော်များများတော့ ကျတာများမယ်။ သေချာတာတော့ နာမည်ကြီးတဲ့ စခန်းမှူးကျသွားပြီ။ အခု သူတို့ (တော်လှန်ရေးတပ်) ရဲစခန်းမှာ တပ်စွဲထားပြီး ဌာနဆိုင်ရာ အကုန်လုံးကိုချုပ်ထားလိုက်ပြီ ” ဟု ဒေသခံတဦးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

မယ်စဲ့မြို့မရဲစခန်းအား ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ၅ နာရီကျော်ခန့်တွင် နှစ်ဖက်ပစ်ခတ်သံများကြားခဲ့ရကာ ၁၁ နာရီခန့်တွင် ရဲစခန်းတွင်းသို့ ဝင်ရောက်စီးနင်း နိုင်ခဲ့ကြောင်း ဆိုသည်။

မယ်စဲ့မြို့မရဲစခန်းတွင် ရဲအင်အား ၃၀ ဦးခန့်ရှိပြီး သေဆုံးခဲ့သည့် စခန်းမှူးသည် အဆိုပါရဲစခန်းတွင် တနှစ် ကျော်ခန့်သာ တာဝန်ထမ်းဆောင်ခဲ့ရသေးသည်။ သို့သော် အရပ်သားများအပေါ် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးကာ ငွေညှစ်ခြင်းများပြုလုပ်လေ့ရှိသဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားကြောင်းလည်း ဒေသခံက ဆိုသည်။

မယ်စဲ့ရဲစခန်းစီးနင်းခံရပြီးနောက် ရဲစခန်းနှင့်မနီးမဝေးရှိ မြို့အရှေ့ဘက် တဖာလုံခန့်အကွာ တောင်ကုန်း တခုတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏အမြောက်တပ် (ယခင် ဗျူဟာကုန်း) မှ လက်နက်ကြီးပစ်ကူများ ရဲစခန်းတွင်းသို့ အဆက်မပြတ်ပစ်ခတ်နေပြီး နံနက် ၁၁ နာရီခွဲခန့်တွင် ကင်းထောက်လေယာဉ်တစီး ဝဲနေကြောင်း သိရသည်။

“လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတယ်။ ဟက်စကီးလည်း အပေါ်မှာပဲ ဝဲနေတယ်။ စစ်တပ် ကုန်းကနေ အဲဒီရဲစခန်းကို လှမ်းတွယ် (ပစ်ခတ်) နေတယ်။ အဲဒီမှာတော်လှန်ရေးတပ်ဖွဲ့က အကုန်သိမ်း ထားတာကိုး ” ဟု ဒေသခံက ပြောသည်။

စီးနင်းခံထားရသည့် ရဲစခန်းမှ ရဲများနှင့် စစ်တပ်ကုန်းတွင် တပ်စွဲထားသည့် တပ်သားများသည် ယခင်က မကြာခဏ မြို့ထဲတွင် သွားလာလှုပ်ရှားလေ့ရှိသော်လည်း ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်မှစ၍ စခန်းအပြင် ဘက်သို့ သွားလာခြင်းမရှိကြတော့ကြောင်း ဆိုသည်။

“ သူတို့(စစ်တပ်)လည်း တောင်အောက်ကို မဆင်းရဲတာ။ ရဲစခန်းအပြင်ဘက်လည်း မထွက်တာ ကြာပြီး။ ရှင်းရှင်းပြောရရင် သူတို့ ခံစစ်သဘောနဲ့ပဲ ကျဆုံးသွားတာပဲ ” ဟု ဒေသခံက ပြောသည်။သို့သော် မယ်စဲ့မြို့မရဲစခန်းကို မည်သည့်အဖွဲ့များပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ကို လက်ရှိ အချိန်ထိ မသိရသေးပေ။

မယ်စဲ့မြို့အနီးဝန်းကျင်တွင် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့အပြင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့လှုပ်ရှားမှုရှိသည့် နယ်မြေလည်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required