ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ယမန်နေ့ မေလ ၃၁ ရက်နေ့ ညနေ အင်အားသိသိသာသာပြင်းသော ငလျင်တစ်ခုလှုပ်ခတ်သွားပြီး အင်းတော်ကြီးမြို့တွင် လမ်းများအက်ကွဲခြင်း၊ ဘုရားစေတီဟောင်းများ ထိခိုက်မှုရှိခြင်းနှင့် အင်းတော်ကြီးအိုင်အနီးမြေသားအက်ကွဲခြင်းများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
မြစ်ကြီးနား၊ ဟိုပင်၊ အင်းတော်ကြီး၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်အပါအဝင်ကချင်ပြည်နယ်အတွင်းရှိမြို့နယ်အများစုတွင် ယမန်နေ့ညနေ ၅ နာရီ ၅၀ မိနစ်ခန့်က ငလျင်လှုပ်ခတ်သွားခြင်းဟု သိရသည်။
အဆိုပါ ငလျင်သည် ဟိုပင်မြို့၏ အနောက်မြောက် (၂၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ဒဿမ ၉ အဆင့်ဖြင့်လှုပ်ခတ်သွားခြင်းဟု
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
“ကျွန်မတစ်သက် ဒီလောက်အင်အားပြင်းတဲ့ငလျင်တစ်ခါမှမကြုံဖူးပါဘူး။ လှုပ်တာက မိနစ်ပိုင်းခဏလေးပဲ။ ဒါပေမယ့် ခေါင်းတွေပါမူးသွားပြီး တော်တော်လေးကိုပြင်းထန်ပါတယ်။ အမေတို့လည်းပြောနေတာ။ သူတို့လည်း ဒီလောက်ပြင်းတာမကြုံဖူးဘူး” ဟု ဟိုပင်မြို့နေ အသက် ၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။
ဟိုပင်မြို့နယ်တွင် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိသော်လည်း ဟိုပင်နှင့်ကပ်လျက် အင်းတော်ကြီးမြို့နယ်တွင် ကတ္တရာလမ်းများအက်ကွဲခြင်း၊ ဘုရားစေတီဟောင်းအချို့ ထိခိုက်ခဲ့ခြင်း၊ အင်းတော်ကြီးအိုင်အနီးရှိ မြေသားများအက်ကွဲခြင်းနှင့် အက်ကွဲကြောင်းများမှ မြေအောက်ရေထွက်ခြင်းများ ဖြစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ငလျင်ကြောင့် လူထိခိုက်မှုသတင်းမကြားရသေးကြောင်းဟိုပင်မြို့ ဒေသခံများပြောသည်။
ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာ( ၆ မိုင်ခန့်) ကို ဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်၍ အင်အားသိသိသာသာ ပြင်းထန်ခြင်းဟု ဘူမိဗေဒပညာရှင်တစ်ဦးကပြောသည်။
" ဗဟိုချက်က မြေမျက်နှာပြင်နဲ့နီးလေ အင်အားပြင်းလေပါပဲ။ သတိထားဖို့ လိုပါတယ်။ နောက်ဆက်တွဲ ငလျင်တွေ လှုပ်တတ်ပါတယ်"ဟု အထက်ပါ ပညာရှင်က ပြောသည်။
အင်းတော်ကြီးနှင့် ဟိုပင်မြို့ပတ်ဝန်းကျင်တွင်
ယခုမနက်အထိလည်း အင်အားအနည်းငယ်ရှိသော ငလျင်အချို့လှုပ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။ အင်းတော်ကြီးနှင့် ဟိုပင်ဒေသသည် စစ်ကိုင်းပြတ်ရွေ့ဖြတ်သွားသည့် ဒေသဖြစ်သည်။ ကချင်ပြည်နယ်မှ ပဲခူးတိုင်းအထိ ဖြတ်သွားသော စစ်ကိုင်းပြတ်ရွေ့သည် အင်အားပြင်းငလျင် လှုပ်နိုင်ခြေမြင့်မားနေသည့် ပြတ်ရွေ့ဖြစ်ကြောင်း ပညာရှင်များက သတိပေးထားသည်။
ယမန်နေ့က ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှု ကိုမူ အတိအကျမသိရှိရသေးပေ။
စာတည်း - မောင်ကြီး