တရားမဝင် လုပ်ငန်းများနှင့် ပတ်သက်နေသည့် KNU ခေါင်းဆောင်အချို့ကို အရေးယူပေးရန် KNU တပ်မဟာ (၅) တောင်းဆို 

By YT (မဇ္ဈိမ)
10 May 2023
တရားမဝင် လုပ်ငန်းများနှင့် ပတ်သက်နေသည့် KNU ခေါင်းဆောင်အချို့ကို အရေးယူပေးရန် KNU တပ်မဟာ (၅) တောင်းဆို 

တရားမဝင် ဒုစရိုက် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိပ်ပိုင်းခေါင်းဆောင် အချို့ကို အရေးယူပေးရန် KNU တပ်မဟာ (၅) က မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုထားသည်။

ကရင်ဘာသာဖြင့် ရေးသားထုတ်ပြန်ခဲ့သော ထိုထုတ်ပြန်ချက်တွင် အချက်ကိုးချက် ပါဝင်ပြီး အဓိကအားဖြင့် KNU (၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ခေါင်းဆောင်အသစ်များအနေဖြင့် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် KNU ခေါင်းဆောင်အချို့အား အရေးယူပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ 

"လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာခဲ့သော တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် KNU ၏ ခေါင်းဆောင်အချို့ ပါဝင်ခြင်းနှင့် ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး ဘွဲ့လက်မှတ်လက်ခံခြင်းသည် KNU ၏ မူဝါဒ၊ စည်းမျဉ်းဥပဒေများနှင့် ဆန့်ကျင်နေကြောင်း" KNU တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် KNU ပါဝင်လာစေရန် ရန်သူဘက်က နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိနေပြီး ထိုနည်းလမ်းဖြင့် KNU ကို ပြည်သူနှင့် ထိပ်တိုက်ရန်တိုက်ပေးနေကြောင်း၊ KNU ၏ နိုင်ငံရေးလမ်းစဉ်အား အပြတ်ဖြတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သဖြင့် ကော်သူးလေနယ်မြေရှိ ထိုတရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသော ခေါင်းဆောင်အချို့အား ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဆိုသည်။

KNU တပ်မဟာ (၅)၊ မူတြော်ခရိုင်အနေဖြင့် ထိုတရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ မျက်နှာချင်းဆိုင် အပြီးသတ်ဖြေရှင်းပြီးမှသာ (၁၇) ကြိမ်မြောက် ကွန်ဂရက်အား ကျင်းပရန် တောင်းဆိုခဲ့သော်လည်း KNU ဗဟိုခေါင်းဆောင်များမှ ကွန်ဂရက်သည်သာ အာဏာအရှိဆုံးဖြစ်၍ ကွန်ဂရက်တွင် ဖြေရှင်းမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဖော်ပြထားသည်။ 

"(၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် ပါဝင်သော ကိုယ်စားလှယ်များက တရားမဝင် စီးပွားရေးလုပ်ငန်း များတွင် ပါဝင်ပတ်သက်နေသော ကိုယ်စားလှယ်များအား အချိန်တိုအတွင်းဖြစ်စေ၊ ကာလရှည်ဖြစ်စေ အရေးယူဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း ယခုအချိန်ထိ လက်တွေ့ အကောင်အထည် ဖော်မှု တစ်စုံတစ်ရာမတွေ့ရသေးကြောင်း၊ အမည်ထွက်နေသော ခေါင်းဆောင်အချို့အား (၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် အရွေးခံရန် ခွင့်ပြုထားသည်ကို တွေ့ရကြောင်း" ဖော်ပြထားသည်။

KNU တပ်မဟာ (၅) ကိုယ်စားလှယ်များအနေဖြင့် (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို မတက်ရောက်ခြင်းသည် KNU အဖွဲ့အစည်းအား ပြိုကွဲစေရန် မဟုတ်သကဲ့သို့ KNU အဖွဲ့အစည်း၏ စည်းမျဉ်းဥပဒေများအား ဆန့်ကျင်ခြင်းလည်း မဟုတ်ကြောင်း ဆိုထားသည်။ 

ထို့ပြင် KNU အဖွဲ့အစည်း၏ ခေါင်းဆောင်မှုများ ကျစ်ကျစ်လစ်လစ်ဖြစ်စေရန်၊ ကရင်တစ်မျိုးသားလုံးအနေဖြင့် KNU ကို ယုံကြည်ပြီး အထောက်အပံ့အင်အား ပိုမိုကောင်းမွန်လာစေရန်နှင့် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု အားကောင်းစေရန်သာ ရှေးရှုကြောင်း ရေးသားထားသည်။

ယင်းသို့အရေးယူပေးရန် တောင်းဆိုမှုနှင့် ပတ်သက်ပြီး KNU တပ်မဟာ (၅) တာဝန်ရှိသူများနှင့် KNU (ဗဟို)ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

KNU အဖွဲ့အစည်းသည် တရားမဝင် စီးပွားရေးလုပ်ငန်း စီမံကိန်းများနှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်း၊ KNU ခေါင်းဆောင်များအား ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရေးသားပြောဆိုမှုများအား ကန့်ကွက်ကြောင်း KNU ဗဟိုက မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

ထိုတရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ KNU အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုဟု သုံးနှုန်း၍ “လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးက မေလ ၇ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

ဝါရင့်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် KNU ကို တပ်မဟာ ခုနစ်ခုဖြင့် ဖွဲ့စည်းထားပြီး လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly