တိုင်းနှင့် ပြည်နယ်များတွင် ၁ လအတွင်း နေအိမ်အလုံးပေါင်း ၄,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

By 001 (မဇ္စျိမ)
04 May 2023
တိုင်းနှင့် ပြည်နယ်များတွင် ၁ လအတွင်း နေအိမ်အလုံးပေါင်း ၄,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

မြန်မာနိုင်ငံ၊ တိုင်းနှင့် ပြည်နယ်များတွင် ပြီးခဲ့သည့် ဧပြီလ တစ်လအတွင်း စစ်ကောင်စီကနေအိမ်အလုံးပေါင်း ၄,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၏  မီးသတ်ဦးစီးဌာနက မေလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် မီးရှို့ခံခဲ့ရမှုများကို ဖော်ပြထားပြီး စစ်ကိုင်းတိုင်းတွင် နေအိမ်အလုံးပေါင်း ၂,၄၇၇ လုံးဖျက်ဆီးခံရပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း NUG၊ မီးသတ်ဦးစီးဌာနက ဆိုသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းတွင် လူ ၁၀ ဦးနှင့် မကွေးတိုင်းတွင် လူ တစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံ  သုံးလုံး၊ ဆေးရုံ တစ်ရုံနှင့် စာသင်ကျောင်း လေးကျောင်းလည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဧပြီလနောက်ဆုံးအပတ် တစ်ပတ်အတွင်း တပင်ကောင်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် မြို့သစ်ကျေးရွာစသည့် ရွာသုံးရွာကို မီးရှို့သွားကြောင်း Khin Oo Support Organization (KSO) အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင်က ပြောသည်။

“အဲ့ဒီသုံးရွာ မီးရှို့သွားတဲ့အထဲမှာ မြို့သစ်ကျေးရွာကတော့ အိမ်ခြေ ၄၀၀ ကျော်လောက် တစ်ရွာလုံးကျွတ်သွားတာပေါ့။ အများဆုံးပါသွားတယ်။ ကျွဲတွေ နွားတွေအကုန်လုံးလောင်တယ်။ ကျေးရွာကတော့ အကုန်လုံးကို ပြာကျသွားတယ်” ဟု ဆိုသည်။ 

NUG မီးသတ်ဦးစီးဌာနက ယခုထုတ်ပြန်သည့် အချက်အလက်များမှာ လွတ်လပ်သော သတင်းမီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များနှင့် မြေပြင်ရှိပြည်သူလူထုမှ ပေးပို့သော သတင်းအချက်အလက်များကို စိစစ်ဖော်ပြခြင်းဖြစ်ပြီး မြေပြင်တွင် စစ်ကောင်စီ၏ ကျူးလွန်မှုများမှာ ပိုမိုများပြားနိုင်ကြောင်းလည်း ဖော်ပြထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူနေအိမ်ပေါင်း ၆၀,၄၅၉ လုံးပျက်စီးခဲ့ကြောင်း Data for Myanmarက မတ်လအတွင်းက ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required