ချောင်းသာ-ငွေဆောင်ရှိ ဟိုတယ်များအားလုံး သင်္ကြန်ပိတ်ရက် ကြိုတင်မှာယူထားသူများနှင့် ပြည့်နေ

By မင်းထက်(မဇ္ဈိမ)
08 April 2023
ချောင်းသာ-ငွေဆောင်ရှိ ဟိုတယ်များအားလုံး သင်္ကြန်ပိတ်ရက် ကြိုတင်မှာယူထားသူများနှင့် ပြည့်နေ
ဓာတ်ပုံ-ချောင်းသာကမ်းခြေ(ပုံဟောင်း)

ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် လာမည့်သင်္ကြန်ပိတ်ရက်များအတွက် ကြိုတင်စာရင်းပေးသွင်းထားသူများနှင့် ဟိုတယ်အခန်းများ လူပြည့်နေသည်ဟု ဒေသခံများထံမှ သိရသည်။

သင်္ကြန်ပိတ်ရက်ဖြစ်သည့်အတွက် ကမ်းခြေများကို လာရောက်ရန် ဟိုတယ်များအား ကြိုတင်စာရင်းပေးထားကြခြင်းဖြစ်ပြီး ချောင်းသာ - ငွေဆောင်ကမ်းခြေများရှိ တည်းခိုခန်းအနည်းငယ်သာ အခန်းလွတ်ရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

"ဘိုကင်(Booking) စဖွင့်ပြီဆိုတည်းက ဟိုတယ်တွေအကုန်လူပြည့်နေတာပါ။ ဟိုတယ်ဇုန်မှာ အခန်းလွတ်မရှိတော့ဘူး။ လမ်းကြားထဲတွေက တည်းခိုခန်းတွေ လောက်ပဲ နည်းနည်းလွတ်တော့တယ်"ဟု ချောင်းသာကမ်းခြေအနီး နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ငွေဆောင်ကမ်းခြေတွင်လည်း Booking (ကြိုတင်မှာယူထားခြင်း) စတင်ဖွင့်လှစ်သည့် အချိန်မှစကာ ဟိုတယ်များအားလုံး ကြိုတင်စာရင်းပေးထား သူများနှင့် ပြည့်နှက်နေကြောင်း ငွေဆောင်ကမ်းခြေနေ ဒေသခံတစ်ဦးကလည်း မဇ္စျိမကိုပြောသည်။

သင်္ကြန်ပိတ်ရက်ဖြစ်သည့်အတွက် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေရှိ ဟိုတယ်နှင့် တည်းခိုခန်းစျေးနှုန်းများမှာ ပုံမှန်ထက် စျေးနှစ်ဆခန့် မြင့်တက်နေကြောင်းလည်း သိရသည်။

"အရင်က ၅၀, ၀၀၀ ကျပ်တန် တည်းခိုခန်းက အခုရက်မှာ ၉၀,၀၀၀ လောက်ဖြစ် သွားတယ်၊ဟိုတယ်တွေလည်း အဲ့လိုပဲ၊ တစ်သိန်းတန် အခန်းက နှစ်သိန်း နီးပါးလောက် စျေးတက်သွားတယ်"ဟု ငွေဆောင်ကမ်းခြေမှ တည်းခိုခန်းပိုင်ရှင် တစ်ဦးက  ပြောသည်။

ယင်းပြင် ရန်ကုန်မှ ပုသိမ်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ၏ ယာဥ်စီးခများလည်း ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်ကာ စျေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

ရန်ကုန်- ပုသိမ် ယာဉ်စီးခသည် ယခင် ၁၂,၀၀၀ ကျပ်သာ ရှိသော်လည်း လက်ရှိမှာ ၁၅,၀၀၀ ကျပ်ထိ မြင့်တက်နေကြောင်း ယာဥ်မောင်းတစ်ဦးက ပြောသည်။

"သင်္ကြန်ပိတ်ရက်မှာ နေရပ်ပြန် အလုပ်သမားတွေ တော်တော်များတာဆိုတော့ ကားခတွေစျေးတက်ကုန်တယ်။ အရင်ကဆို အဲ့လိုစျေးတက်ရင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက အရေးယူတာမျိုးတွေရှိတယ်၊ အခုတော့ လုပ်ချင်တိုင်းလုပ်နေကြတာပေါ့” ဟု ယာဉ်မောင်း တစ်ဦးက ပြောသည်။

ပြည်သူလူထုက သပိတ်မှောက်ထားသော စစ်ကောင်စီ၏ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် သင်္ကြန်များတွင် လူထုပါ၀င်မှုနည်းပါးခဲ့သဖြင့်  ယခု ၂၀၂၃ ခုနှစ် သင်္ကြန်ပွဲတွင် ပြည်သူများ ပူးပေါင်းပါ၀င်လာစေရန် စစ်ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည်ကို တွေ့ရသည်။

ယင်းကြောင့် ယခုနှစ်တွင်လည်း စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် သင်္ကြန်ပွဲများတွင် ပူးပေါင်းပါဝင်ခြင်း မပြုကြရန် တော်လှန်ရေး အင်အားစု အသီးသီးက တိုက်တွန်းနှိုးဆော်မှုများလည်း ရှိနေသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required