ကလောမြို့တွင် ယာဉ်တိမ်းမှောက် ၁၅ ဦး ဒဏ်ရာရ 

By ဂျူချန်း မဇ္ဈိမ
01 April 2023
ကလောမြို့တွင် ယာဉ်တိမ်းမှောက် ၁၅ ဦး ဒဏ်ရာရ 

ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်တွင်ပါရှိသည့် ၂၂ ဦးအနက် ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကားလည်း ပျက်စီးသွားကြောင်း ကယ်ဆယ်ရေးအသင်းမှ သိရသည်။ 

မတ်လ ၃၁ ရက်နေ့ ည ၈နာရီခွဲခန့်တွင်  ဦးအေး ဆိုသူ မောင်းနှင်လာသည့် ခရီးသည် ၂၂ ဦးပါ Express ယာဉ်တစ်စီးသည်  ကလောမြို့နယ် ဝက်ဖြူရေအဆင်း မကွေရွာအနီး(ဒေသအခေါ် ၁၅ မိုင်ကွေ့) နေရာရှိ အိမ်တစ်အိမ်၏ အဖီအား ဘရိတ်ပေါက်ကာ ဝင်တိုက်မိသဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းအပါအဝင် ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။ 

“Express က တက်နေလင်း လို့ပြောတယ်။ သေချာတော့မသိလိုက်ဘူး။ ယာဉ်ပေါ်မှာ လူ ၂၂ ယောက်ပါတယ်။ ခုနစ်ယောက်က ဒဏ်ရာမရဘူး၊ ကျန်တဲ့သူတွေက ဒဏ်ရာရသွားတယ်။ နည်းနည်းဆိုးဆိုး ထိခိုက်တာက အဒေါ်ကြီးတစ်ယောက်၊ သူက နည်းနည်း စိုးရိမ်ရတာပေါ့။ ဘရိတ်ပေါက်ပြီးတော့ အိမ်ကို ဝင်တိုက်လိုက်တာ။ အိမ်မကြီးကို မထိဘဲနဲ့ အဖီကို ထိသွားတာ။ အိမ်မှာနေတဲ့လူက ကံကောင်းတယ် မထိဘူး။ ကားက စုတ်ပြတ်သတ်သွားတယ်။ ရစရာမရှိဘူး” ဟု အဆိုပါ ယာဉ်တိုက်မှုအား သွားရောက်ကူညီပေးသူတစ်ဦးက ပြောသည်။ 

တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရ လူနာများအား ကလောမီးသတ်တပ်ဖွဲ့ ၊ ကလောနှင့် အောင်ပန်းမှ ကြက်ခြေနီတပ်ဖွဲ့၊ ကလောလူမှုကူညီရေးအသင်းနှင့် မကွေရွာ ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များနှင့် ပူးပေါင်းကာ ကလောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ၁၅မိုင်ကွေ့ နေရာသည် မကြာခဏ ယာဉ်တိမ်းမှောက်လေ့ရှိသည့် နေရာတစ်ခုဖြစ်သဖြင့် ယာဉ်မောင်းများအနေဖြင့် သတိထားသင့်ကြောင်း ဆိုသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required