တရားဝင်လူမှုကွန်ယက်စာမျက်နှာ ၁ခုတည်း သုံးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့( မင်းတပ်)မှ ထုတ်ပြန် 

By ကိုခင်မောင်  (မဇ္ဈိမ)
04 March 2023
တရားဝင်လူမှုကွန်ယက်စာမျက်နှာ ၁ခုတည်း သုံးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့( မင်းတပ်)မှ ထုတ်ပြန် 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အခြေစိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာ(၁‌၃)ခုကို ဖျက်သိမ်းခြင်း (သို့မဟုတ်) CDF-Mindat ၏အမည်မဟုတ်သည့် အမည်ပြောင်းလဲပေးကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat က မတ်လ ၃ရက်တွင် အသိပေးထုတ်ပြန်သည်။ 

Chin Defence Force CDF-Mindat ၊ CDF - Mindat Revolution Movements၊ CDF Mindat လင်းယုန်တပ်ရင်း၊  နဂါးတပ်ရင်း - CDF-Mindat၊ CDF ၊ သိန်းငှက်တပ်ရင်း ၁-Cdf-Mindat ၊ CDF-Mindat မြို့ပေါ်တပ်ရင်း 1၊ CDF-Mindat မြို့ပေါ်တပ်ရင်း - ၃၊  Yoma Battalion - CDF-Mindat ၊  TIGER Battalion C. D. F ၊ Chin Defence Force-Mindat - ၄၀ ဗျူဟာတပ်ရင်း၊ နာဂစ်တပ်ရင်းနှင့်ဇာမဏီတပ်ရင်းသတင်းမှန်ပြန်ကြားရေးစသည့်  လူမှုကွန်ရက်စာမျက်နှာများကို
ဖျက်သိမ်းခြင်း (သို့မဟုတ်) CDF-Mindat ၏ အမည်မဟုတ်သည့် အမည်ပြောင်းလဲခြင်းများပြုလုပ်ပေးကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သော အထွေထွေညီလာခံအစည်းအဝေးတွင်  ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ ကာကွယ်ရေးဗဟိုကော်မတီဝင်များ၊  တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများမှ သဘောတူဆုံးဖြတ်ချက်အရ ယခုလို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat  ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။ 

ပိုမိုကျစ်လစ်သည့် ဖွဲ့စည်းပုံစုဖွဲ့မှုနှင့်အတူ နိုင်ငံရေး၊စစ်ရေး အတွက်ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်လျက်ရှိသောကြောင့် ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat က ဆိုသည်။

ထို့ကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ တရားဝင်ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာ
https://www.facebook.com/chinDefenceforce တစ်ခုတည်းကိုသာ  ဆက်လက်အသုံးပြုမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) စစ်ဒေသမှူးက မဇ္ဈိမကို အတည်ပြု ဖြေကြားသည်။ 

အလှူငွေထည့်ဝင်လှူဒါန်းလိုပါကလည်း အထက်ဖော်ပြပါ တရားဝင်ဖေ့ဘုတ် စာမျက်နှာနှင့် CDF-Mindat ၏ ဘဏ္ဍာရေးကော်မတီထံတွင်သာ ဆက်သွယ်လှူဒါန်းပေးကြပါရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat  ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက မေတ္တာရပ်ခံထားသည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly