ပါကစ္စတန်သမ္မတဟောင်းက လုပ်ကြံရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း စွပ်စွဲ 

By ANI
03 February 2023
ပါကစ္စတန်သမ္မတဟောင်းက လုပ်ကြံရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း စွပ်စွဲ 

ပါကစ္စတန် တီရစ်-အီ-အင်ဆက် (PTI) ပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ပူးတွဲဥက္ကဋ္ဌဖြစ်သူ သမ္မတဟောင်း အစစ်ဖ် အလီ ဇာဒါရီသည် အကြမ်းဖက်အဖွဲ့အား ငှားရမ်း၍ ၎င်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြောင်း ဇန်နဝါရီလ ၂၇ ရက်က စွပ်စွဲပြောဆိုလိုက်သည်။ 

အီမရန်ခန်းသည် လာဟိုးမြို့ ဇာမန်ဥယာဉ်ရှိနေအိမ်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဇာဒါရီသည် တတိယမြောက်အစီအစဉ်အဖြစ် အကြမ်းဖက်အဖွဲ့ကိုငွေပေးကာ မိမိအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်ဟု ခန်းက စွပ်စွဲပြောဆိုခဲ့ကြောင်း ပါကစ္စတန်အခြေစိုက်သတင်းစာက Express Tribune က ဖော်ပြသည်။

"အခု သူတို့က တတိယအစီအစဉ်ကို ပြင်ဆင်ပြီးပါပြီ။ အစစ်ဖ် ဇာဒါရီက ဒီနောက်ကွယ်မှာ ရှိနေတယ်။ သူ့မှာ ဆင်းဒ်အစိုးရဆီက မတရားရယူထားပြီး ရွေးကောက်ပွဲ အနိုင်ရဖို့ သုံးစွဲနေတဲ့ အကျင့်ပျက်ခြစားထားတဲ့ ငွေကြေးတွေ အများကြီးရှိတယ်။ ဇာဒါရီက အကြမ်းဖက်အဖွဲ့ကို ပိုက်ဆံပေးပြီးစေခိုင်းတယ်။ အင်အားကြီးအဖွဲ့က လူတွေကလည်း သူ့ကို ကူညီကြတယ်” ဟု ခန်း၏ ပြောကြားချက်ကို The Express Tribune သတင်းစာက ဖော်ပြခဲ့သည်။

ယခင်ကလည်း အလုံပိတ်အခန်းတစ်ခု၌ မိမိကို သတ်ရန် ကြံစည်သူ ၄ ဦးရှိခဲ့သည်ဟု ခန်းက  ဆိုသည်။
 “လုပ်ကြံမှုအကြောင်း ကျွန်တော်သိသွားတော့ ဗီဒီယိုဖိုင်တစ်ခု စီစဉ်ပြီး နိုင်ငံခြားကို ပို့လိုက်ပါတယ်။ တစ်ခုခုဖြစ်သွားခဲ့ရင် အဲဒီဗီဒီယိုကို ထုတ်ပြန်မယ်လို့ လူထုတွေ့ဆုံပွဲတစ်ခုမှာ ကြေညာခဲ့ပါတယ်” ဟု ခန်းက ပြောသည်။

“အခု သူတို့က ကျွန်တော့်အပေါ် နောက်ထပ် တိုက်ခိုက်မှုတွေ ကျူးလွန်တော့မှာပါ။ ဒီအကြောင်းကို ကျွန်တော် နိုင်ငံသားတွေကို ဒီနေ့ အသိပေးပါတယ်။ ဘဝနဲ့ သေခြင်းတရားဆိုတာ အလ္လာဟ်ရှင်မြတ်ရဲ့ လက်ထဲမှာရှိလို့ ဘယ်သူ့ကိုမှ မကြောက်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က မဲဆွယ်စည်းရုံးရေးလမ်းစဉ်ကို ဆက်လုပ်သွားမှာပါ” ဟု ပန်ဂျပ်နှင့် ခိုင်ဘာပက်ခ်တွန်ခဝါတွင်လုပ်မည့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများကို ရည်ညွှန်း၍ အီမရန်ခန်းက ပြောကြားခဲ့သည်။

ခန်းသည် ဝဇီရာဘတ်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က  ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် တောင်းဆိုလျက်  ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ကို ဆန့်ကျင်သည့်  အဇာဒီ လူထုချီတက်ပွဲကို ဦးဆောင်နေချိန်၌ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာမှ သံသယရှိသူ နဗိဒ်မဟာကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။ သံသယရှိသူက PTI ခေါင်းဆောင်ပိုင်းကို ပစ်ခတ်ခဲ့သည်ဟု ဝန်ခံခဲ့သည်။

အဆိုပါ ဖြစ်စဉ်အတွက် ပထမသတင်းပေးတိုင်ကြားချက် (FIR) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၁၉၉၇ အရ စာရင်းသွင်းခဲ့သည်။ အီမရန်ခန်းအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကို စုံစမ်းရန်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရာရှိထံ အမှုကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စုံစမ်းရေးသတင်းရင်းများက ပြောသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly