ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ ကြိုးပမ်းနေ

By CNA
08 March 2023
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ ကြိုးပမ်းနေ

ပါကစ္စတန် အစိုးရအား ရွေးကောက်ပွဲများ စော၍ ကျင်းပရန် ဖိအားပေးနေသော တရားဥပဒေဆိုင်ရာ အမှုအခင်းများစွာ ရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ရဲတပ်ဖွဲ့က မတ် ၅ ရက်က ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသည်။

အီမရန်ခန်းကို ထောက်ခံသူ ရာနှင့်ချီက ဝန်းရံထားသည့် လာဟိုးမြို့ရှိ နေအိမ်သို့ မြို့တော် အစ္စလာမာဘတ်မှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့သော်လည်း ၎င်းကို ရှာမတွေ့ခဲ့ပေ။
"တရားရုံးအမိန့်အတိုင်း အီမရန်ခန်းကို ဖမ်းဆီးဖို့ အစ္စလာမာဘတ် ရဲတပ်ဖွဲ့က လာဟိုးမြို့ကို သွားရောက်ခဲ့ပါတယ်” ဟု အဆိုပါ ရဲတပ်ဖွဲ့က တွစ်တာတွင်ပြောကြားခဲ့သည်။
"အီမရန်ခန်းက အဖမ်းမခံလို့ ရဲမှူးက အိမ်ထဲဝင်ရှာခဲ့ပေမဲ့လည်း မတွေ့ခဲ့ပါဘူး” ဟု ဆိုသည်။ 

ခန်းသည် တရားရုံး၌ အဂတိလိုက်စားမှုကို ရင်ဆိုင်ရန် ပျက်ကွက်ခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၈ ရက်က ဖမ်းဝရမ်းထုတ်ခံခဲ့ရခြင်း ဖြစ်သည်။
ခန်းသည် ၎င်းတာဝန်ထမ်းဆောင်နေစဉ်အတွင်း ရရှိခဲ့သောလက်ဆောင်များ သို့မဟုတ် ၎င်းတို့ကို ရောင်းချခြင်းမှရရှိသော အကျိုးအမြတ်များကို ကြေညာရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

အစိုးရအရာရှိများသည် လက်ခံရရှိသည့် လက်ဆောင်များအားလုံးကို ကြေညာရမည်ဖြစ်သော်လည်း တရားဝင်သတ်မှတ်ထားသည့် တန်ဖိုးထက်မများလျှင် မကြေညာဘဲ နေခွင့်ရှိသည်။
"အစ္စလာမာဘတ်ရဲတပ်ဖွဲ့ဆီက အကြောင်းကြားစာကို မိမိတို့ လက်ခံရရှိထားပြီးပါပြီ၊ အဲ့ဒီထဲမှာ ဖမ်းဆီးရမယ်ဆိုတဲ့ အမိန့် မပါပါဘူး၊ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ” ဟု အီမရန်ခန်း၏ ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ်ပါတီမှ ဒုတိယဥက္ကဋ္ဌ ရှားမယ်မွတ်ကူရီရှီက လာဟိုးမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ပါကစ္စတန်၏ တရားရုံးများသည် ငြီးငွေ့စရာကောင်းပြီး အချိန်ကုန်သည့် တရားစွဲဆိုမှုနည်းလမ်းများဖြင့် လွှတ်တော်အမတ်များကို ထိန်းချုပ်လေ့ရှိသည်။ ယင်းလုပ်ရပ်သည် နိုင်ငံရေး အတိုက်အခံများကို အနှောင့်အယှက်ဖြစ်စေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများက ဝေဖန်ထားသည်။ 

ယမန်နှစ် လူထုစုဝေးပွဲအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော ခန်းသည် အယုံအကြည်မရှိအဆိုဖြင့် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဧပြီလကစပြီး ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိသည်။

အီမရန်ခန်းသည် လွှတ်တော်မှ ဖယ်ရှားခံရပြီးနောက် မိမိပါတီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ပြည်နယ်လွှတ်တော် ၂ ခုကို ဖျက်သိမ်းကာ ဆန္ဒပြပွဲများ ကျင်းပလျက် အောက်တိုဘာလထက် နောက်မကျဘဲ ရွေးကောက်ပွဲကို စော၍ ကျင်းပရန် ဖိအားပေးလျက်ရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly