ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၄၉လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး

By လွှမ်းမိုး
29 August 2022
ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၄၉လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး

ဩဂုတ် ၂၉

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၅ရက် ညနေ ၃နာရီ အချိန်ခန့်တွင် မီးတင်ရှို့ခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

အဆိုပါမီးရှို့ဖျက်ဆီးမှုတွင် အိမ်ခြေ ၉၀၀ ခန့်ရှိသည့် ဇီးပင်တွင်းကျေးရွာမှ လူနေအိမ် ၄၉လုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

" စုစုပေါင်း မီးလောင်ခဲ့တဲ့ အိမ်အရေအတွက် က ၄၉ လုံး ရှိပါတယ်၊ လေးလုံးကတော့ အိမ်အတွင်း ပစ္စည်းတွေ လောင်သွားပြီး မီးဖိုချောင် လောက်ပဲ လောင်သွားတယ်၊ ကျန်တဲ့ ၄၅လုံးကတော့ ရစရာ မရှိဘူးဗျ၊ အိမ်မွေးတိရစ္ဆာန် ဖြစ်တဲ့ ဝက် နှစ်ကောင် သတ်သွားတယ် ၊ အိမ်တွေ မွှေနှောက် သွားတာတော့ ရစရာမရှိဘူး ၊ အဝတ်အစားတွေ စောင်တွေ စုပြီး မီးရှို့ထားတာတော့ အိမ်တိုင်းနီးပါးလိုပဲ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံ ပြည်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်အင်အား ၁၃၀ ခန့်သည် ကနီမြို့နယ် သရက်ပင်ကျေးရွာတွင် တပ်စွဲထားခြင်းကြောင့် ကျေးရွာခုနစ်ရွာမှ လူဦးရေ ထောင်နှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း

#ကနီမြို့နယ်

#ဇီးပင်တွင်းကျေးရွာ

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required