ထားဝယ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ထောင်ဒဏ် ၂၈ နှစ် အမိန့်ချမှတ်ခံရ

By ကိုရွှေမြိတ်
13 March 2022
ထားဝယ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ထောင်ဒဏ် ၂၈ နှစ် အမိန့်ချမှတ်ခံရ

ထားဝယ်၊ မတ်၊ ၁၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဟိန်းမင်းကိုကို (ခ) ဟိန်းလွင်ထူးကို မတ်လ ၄ ရက်နေ့က ထားဝယ်ထောင်တွင်း တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂၈ နှစ် အထိ အမြင့်ဆုံး အမိန့် ချမှတ် လိုက်ကြောင်း DPPN မှ ထုတ်ပြန်ထားသည်။

ဟိန်းမင်းကိုကို (ခ) ဟိန်းလွင်ထူးကိုသည် အကြမ်းဖက် စစ်ကောင်စီက ၅၀၅ (က) အတွက် နှစ် နှစ် ၊ ပေါက်ကွဲ ပုဒ်မ ၃ အတွက် နှစ် နှစ်၊ ပေါက်ကွဲ ပုဒ်မ ၃/၆ အတွက် ၁၂ နှစ်နှင့် ပေါက်ကွဲ ပုဒ်မ ၃/၅ အတွက် ၁၂ နှစ် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၂၈ နှစ်ကို အမိန့် ချမှတ်ခဲ့သည်ဟု ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဟိန်းမင်းကိုကိုသည် ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့မှာ ထားဝယ်မြို့နယ် ဘုမ္မော်ရပ်ကွက်က သပိတ်စစ်ကြောင်းတစ်ခု၌ ပစ်ခတ်ဖမ်းဆီးခံလိုက်ရသူဖြစ်ကြောင်း၊ ဖမ်းဆီးခံရချိန် လက်မောင်းနှင့် ခြေထောက်တွင် ရာဘာကျည်နှင့် အနီးကပ် ပစ်ခတ်ခံရပြီး ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း၎င်း ကပြောသည်။

အသက် ၂၀ အရွယ် ဟိန်းမင်းကိုကိုသည် ရှေ့နေမပါဘဲ တရားရင်ဆိုင်ခဲ့ရသူဖြစ်ကြောင်း၊ လက်ရှိ ထားဝယ် အကျဉ်းထောင်အတွင်း ထောင်ဒဏ် ၂၈ နှစ်ဆိုသည့် ပြစ်ဒဏ်သည် ထားဝယ်နိုင်ငံရေး အကျဥ်းသားများထဲ၌ အမိန့်ချခံရခြင်းများတွင် အမြင့်ဆုံး ထောင်ဒဏ်ဖြစ်သည်ဟု ဆိုသည်။

#တနင်္သာရီတိုင်း

#ထားဝယ်မြို့

#တက်ကြွလှုပ်ရှားသူ

#ပြစ်ဒဏ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required