ကလေးငယ်များနှင့် ရွာခံများ ရာချီ အဖမ်းခံထားရသည့် ချင်းပုန်းရွာကို စစ်ကောင်စီတပ် မီးရှို့

ကလေးငယ်များနှင့် ရွာခံများ ရာချီ အဖမ်းခံထားရသည့် ချင်းပုန်းရွာကို စစ်ကောင်စီတပ် မီးရှို့

ဖေဖော်ဝါရီ ၂၈

ကလေးငယ်များနှင့် ရွာခံများ ရာချီ ဖမ်းဆီး ခံထားရသည့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ချင်းပုန်းရွာကို စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁ဝ နာရီ ဝန်းကျင်မှ စပြီး မီးရှို့နေကြောင်း ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“ကျွန်မတို့က တောထဲမှာ စစ်ဘေးရှောင်နေတာ။ အိမ်ခြေ တော်တော်များများကို ရှို့နေတာ ဖြစ်မယ် ထင်တယ်။ မီးခိုးက မိုးတစ်ခုလုံးကို မှိုင်းလို့။ ချင်းပုန်းရွာ အနောက်ဘက်ပိုင်း လောက်မှာ ရှို့နေတာ။ တစ်ရွာလုံးကိုများ ရှို့ဖို့ စိတ်ကူးထားသလား မသိဘူး” ဟု ၎င်းက ပြောသည်။

အင်အား ၁ဝဝ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သည် ချင်းပုန်းရွာတွင် တပ်စွဲထားပြီး ရွာအတွင်း၌ အသက် ၅ နှစ်အောက် ကလေးငယ် ၈ဝ ဦး အပါအဝင် ရွာခံ ရာချီ ဖမ်းဆီးခံ ထားရကြောင်း ၎င်းက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က ညောင်ကုန်းကျေးရွာ၏ မြောက်ပိုင်းတွင် ပြုလုပ်နေသည့် အသုဘ နေရာကို ဖေဖော်၀ါရီလ ၂၆ ရက်နေ့ နံနက် ၁၀ ၀န်းကျင်က ရဟတ်ယာဥ် လေးစီးဖြင့် စတင် ပစ်ခတ် ခဲ့ပြီးနောက် ချင်းပုန်းကျေးရွာ အတွင်းသို့ ထပ်မံ ပစ်ခတ်ကာ တပ်စွဲလျက် ရှိရာ ကလေးငယ်များ အပါအဝင် ရွာခံများ ပိတ်မိနေခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ရွာမှာက အသက် နှစ်နှစ်နဲ့ ငါးနှစ်ကြား မူကြိုတက်နေတဲ့ ကလေးတွေရယ်၊ ဆရာမအချို့၊ သက်ကြီးရွယ်အိုတွေ လောက်ပဲ ကျန်ခဲ့တာ။ ကျန်တဲ့သူတွေက တောင်ယာ လုပ်နေတာနဲ့ ရွာထဲ မရှိကြဘူး။ စစ်ကောင်စီက ချင်းပုန်းရွာသားတွေ အကုန်လုံး ပြန်လာကြဖို့ ခေါ်တယ်။ မလာရင် အိမ်တွေကို ချိပ်ပိတ်မယ်လို့ ကြေညာခဲ့ပြီး မဝင်ကြတော့ ဒီနေ့ မီးရှို့တော့တာပဲ” ဟု ဒေသခံက ပြောသည်။

ချင်းပုန်းရွာ ဘုန်းတော်ကြီး အပါအဝင် ရွာအပြင် ရောက်နေသည့် ကလေးမိဘ အချို့သည့် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကလေးများကို ကြည့်ရှု စောင့်ရှောက်ရန်နှင့် အခြေအနေ သိရရန် ရွာထဲ ဝင်သွားပြီးနောက် ဖုန်းအဆက်အသွယ်ပါ ပြတ်တောက်သွားပြီး သတင်း တစ်စုံတစ်ရာ ကြားသိရခြင်း မရှိတော့ဟုလည်း ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့ခင်းပိုင်းတွင်မူ ချင်းပုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက် ခေါ်ဆောင်သွားပြီး ဓားစာခံ အချို့ကိုလည်း ဖမ်းခေါ် သွားကြောင်း ဒေသခံက ပြောသည်။

အိမ်ခြေ ၃ဝဝ ဝန်းကျင်ရှိ ချင်းပုန်းရွာ အိမ်မီးလောင်ပျက်စီးမှု၊ ဖမ်းဆီးခံထားရသည့် ကလေးနှင့် ရွာခံများ၏ နောက်ဆက်တွဲ အခြေအနေများကိုမှု ကိုယ်တိုင် ထွက်ပြေး တိမ်းရှောင် နေရသည့် အတွက် မသိရသေးဟု ဒေသခံ တစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီက ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင် တစ်ကြောကို ယနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်မှ စကာ ရဟတ်ယာဉ် လေးစင်းဖြင့် ပစ်ခတ် နေသည်ဟု ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

#ယင်းမာပင်မြို့နယ်

#စစ်ကောင်စီတပ်

#ချင်းပုန်းရွာ

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly