မန္တလေး (မဇ္စျိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရဲ့ ဒုတိယဥက္ကဋ္ဌ ၂ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို လက်ရှိ ထိန်းသိမ်းထားတဲ့ လွှတ်တော်ရိပ်သာကနေ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက တပ်မတော်ကခေါ်ထုတ်သွားခဲ့တယ်လို့ ဝန်ကြီးချုပ်နှင့် နီးစပ်သူ တစ်ဦးက အတည်ပြုပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကို ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းကတည်းက တပ်မတော်က ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့က ဝန်ကြီးချုပ်အိမ်တော်ကနေ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့တာပါ။
ဝန်ကြီးချုပ်အိမ်တော်မှ လွှတ်တော်ရိပ်သာသို့ ဖေဖော်ဝါရီ ၄ ရက်တွင် ပြောင်းရွှေ့ကာ အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထားခဲ့ရာကနေ ထပ်မံခေါ်ထုတ်သွားတာပါ။
“မနက်က သူတစ်ယောက်တည်းကို ခေါ်ထုတ်သွားတယ်။ ဘယ်ကိုခေါ်ထုတ်သွားတယ်မသိဘူး” လို့ ၄င်းက ဆိုပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါကြောင့်ဆေးကုသမှုခံယူနေရသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးမကောင်းဘူးလို့ သိရကြောင်း ၄င်းကဆိုပါတယ်။