မတ်လ ၂၀။ ။ ကမ္ဘာ့ကပ်ရောဂါဘေး ကိုရိုနာဗိုင်းရပ်စ်နဲ့ ချိတ်ဆက်မှုရှိတဲ့ ပထမဆုံး လူတစ်ဦး သေဆုံးမှု ဖြစ်ခဲ့ကြောင်း ရုရှားနိုင်ငံက ကြာသပတေးနေ့မှာ အတည်ပြုလာပါတယ်။
အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးဟာ နမိုးနီးယားကြောင့် သေဆုံးတယ်ဆိုပြီး အစောပိုင်းက အတည်ပြုထားရာကနေ နောက်ပိုင်းမှာ သွေးခဲပြီးတော့ သေဆုံးတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မော်စကိုဆေးရုံမှာ သေဆုံးခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ Covid -19 ဖြစ်ပွားတာကို စမ်းသပ်တွေ့ရှိတာဖြစ်တယ်လို့ ရုရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။
အဆိုပါ အမျိုးသမီးဟာ ဆီးချိုနဲ့ နှလုံးရောဂါတွေအပါအဝင် နာတာရှည်ရောဂါကြောင့် ဆေးရုံတက်ရောက်လာသူဖြစ်ကြောင်း မော်စကို ကူးစက်ရောဂါဆိုင်ရာ အမှတ် ၂ ဆေးရုံမှ ဆေးရုံအုပ်ကြီး ကရာစန်နိုဗာက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောပါတယ်။
သူ့ကို အထူးကြပ်မတ်ဆောင်မှာ တင်ထားကုသခဲ့တာ ဖြစ်ပြီး သူနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကို သီးခြားခွဲထားပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အစောပိုင်းက ထုတ်ပြန်ချက်မှာ အဲဒီ အမျိုးသမီးဟာ နမိုးနီးယားရောဂါနဲ့ သေဆုံးတယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပြီး မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဘိုင်ယန်နင်ကလည်း “ကံမကောင်း အကြောင်းမလှလို့ ကျွန်တော်တို့တွေ ကိုရိုနာကူးစက်တဲ့ ပထမဆုံးလူနာ အသက် ဆုံးရှုံးမှုကို ကြုံရတယ်။”လို့ တွစ်တာမှာ ရေးသားပါတယ်။
နောက်ပိုင်း ထုတ်ပြန်ချက်မှာတော့ အဆိုပါ အမျိုးသမီးကို ရင်ခွဲစစ်ဆေးချက်အရ သွေးခဲပြီးတော့ သေဆုံးတာ ဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုလာခဲ့တာပါ။
တရားဝင်ကိန်းဂဏန်းတွေအရ ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၉၉ ဦး ရှိနေပြီး သေဆုံးသူ မရှိသေးကြောင်း ဆိုထားပါတယ်။
အခု အမျိုးသမီး သေဆုံးတာဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတာ ဟုတ်မဟုတ် အပ်ချမတ်ချ အတည်မပြုနိုင်သေးဘဲ ရှိနေတာပဲ ဖြစ်ပါတယ်။