နိုဝင်ဘာ ၁၁ ။ ။ ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက်ပိုင်း ယခုအခါ သေဆုံးသူ ဦးရေ ၂၀ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသည် ယင်းနှစ်နိုင်ငံ၏ ကမ်းရိုးတန်းများကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လေပြင်းများတိုက်ခတ်ခြင်း ၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၁၀ ရက်တွင် ပြောသည်။
အလားတူ အဆိုပါ မုန်တိုင်းကြောင့် လူပေါင်း နှစ်သန်းကျော်တို့သည်လည်း ယာယီခိုလှုံရေးစခန်းများတွင် သွားရောက်တိမ်းရှောင်ခိုလှုံနေခဲ့ကြရကြောင်း သိရသည်။
လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင် ( ၁၂၀ ကီလိုမီတာ) ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နိုဝင်ဘာ ၉ ရက်က စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ အဆိုပါ နှစ်နိုင်ငံစလုံးတွင် လေဆိပ်များ၊ ဆိပ်ကမ်းများကို ပိတ်ထားခဲ့ရသည်။
မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ အနောက် ဘန်ဂေါပြည်နယ်တွင် လူဆယ်ဦးသေဆုံးခဲ့ပြီး အိုဒီရှား ပြည်နယ်တွင်လည်း အခြား နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ဘက်တွင်လည်း လူ ရှစ်ဦး သေဆုံးကာ အခြား လူ ၂၀ လောက် ထိခိုက်ဒဏ်ရာများ ရသွားခဲ့သည်ဟု သိရသည်။
မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း အနိမ့်ပိုင်းနေရာများတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည်။
မုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး အားပျော့သွားနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/