ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်၏ ပင်မ စစ်ရေးအချက်အခြာနေရာတခုဖြစ်သည့် စက်တော်ရာတောင်ကုန်းနှင့် စစ်စခန်းရှစ်ခုကို ၁၁၁၁ စစ်ဆင်ရေးကာလ ငါးရက်အတွင်း သိမ်းပိုက်ရရှိထားကြောင်း မိုးဗြဲ ၁၁၁၁ စစ်ဆင်ရေးမဟာမိတ်အင်အားစုများက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာလ ၁၁ ရက် နံနက်ငါးနာရီမှစတင်၍ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း (၃)၊ ပွဲကုန်း (၁)၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်းနှင့် စည်ကား( ၂ )ကျေးရွာများ အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ ခြေကုပ်စခန်း ရှစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း မိုးဗြဲအခြေစိုက် ခမရ (၅၁၈ ) က တနှစ်ကျော်ကြာ နေရာယူထားသည့် စက်တော်ရာတောင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးရက်တာကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀ နီးပါး ပြုလုပ်ခဲ့ပြီး စက်တော်ရာတောင်ကုန်းကို တိုက်ခိုက်သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တရက်တည်းတွင် လက်နက်ကြီးပစ်ခတ်မှုအကြိမ်ရေ ၆၀ ကျော်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မိုးဗြဲ၊ ဖယ်ခုံဒေသအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ခဲယမ်းများအား စွန့်ပြေးပြီး ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်မှုများလည်းရှိနေပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် နယ်မြေရှင်းလင်းရေးနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်းလည်း ဆိုထားသည်။
မိုးဗြဲမြို့အတွင်း ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း ကြိုကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ရှိသူ တဦးကပြောသည်။
မိုးဗြဲမြို့ ငါးရက်တာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်းအချို့ဖမ်းဆီးရရှိထားသည်ကိုလည်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရသည်။
လက်နက်ခဲယမ်းသိမ်းရရှိမှုနှင့် စစ်သုံ့ပန်း ဖမ်းဆီးထိန်းသိမ်းထားမှု အခြေအနေများကို စစ်ဆင်ရေးပြီးဆုံးသည့်အချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး တိုက်ပွဲများပြင်းထန်လျက်ရှိသည်။ ၁၁၁၁ စစ်ဆင်ရေး ဆင်နွှဲမှုအတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာအများအပြား သိမ်းပိုက်ထားနိုင်ကြောင်းနှင့် စစ်မျက်နှာကျယ်သည့်အတွက် အရေအတွက် အတိအကျကို မစုစည်းရသေးသည့်အတွက် သိမ်းပိုက်ရရှိထားသည့်စခန်းအတိအကျကို မပြောနိုင်သေးကြောင်း KNDF ကပြောသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး