နောင်ချို၊ သြဂုတ် ၁၈ ။ ။ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန်နှင့် ခရီးသွားများ အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ပြုပြင်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။
သြဂုတ် ၁၇ ရက်၊မွန်းလွဲ ၃ နာရီမှ စတင်၍ ၃ လွှာ တစ်ထပ်၊အရှည် ၂၁၀ ပေ၊နှစ်လမ်းသွား ဘေလီတံတား သံဘောင်များကို တည်ဆောက်နေခြင်းဖြစ်ပြီး သြဂုတ် ၂၀ ရက်နေ့တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
"အမြန်ဆုံး ပြီးစီးအောင် တည်ဆောက်ရေး လုပ်နေပါတယ်။ တံတားက ပျက်စီးတာ များတယ်။ တံတား ကောင်းသွားရင် ချက်ချင်း ဖြတ်သန်းဖို့က လုံခြုံရေး လိုပါသေးတယ်။"ဟု တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် နောင်ချိုဘက်ခြမ်းနှင့်ကျောက်မဲမြို့ဘက်ခြမ်းတို့တွင် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များ ရပ်နားထားရပြီး လိုအပ်သည်များကို ဒေသခံများနှင့်အရပ်ဘက်ပရဟိတအသင်းများမှ ကူညီဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့က နောင်ချိုဘက်ခြမ်းမှာ ပိတ်မိနေတာ။ကုန်နဲ့ဆိုတော့ အခက်အခဲတော့ ဖြစ်တာပေါ့။ တံတားပြီးမှ ထွက်ရတော့မယ်။ ခရီးသည်ယာဉ်တွေမှာ ပါတဲ့ ခရီးသည်တွေကတော့ တစ်ချို့ကားလေးတွေနဲ့ ဖြတ်လမ်းက ဆက်သွားတာတွေ ရှိပါတယ်။"ဟု စက်ပစ္စည်းများတင်ထားသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်း ဦးစိုးတင့်ကပြောသည်။
အဆိုပါယာဉ်များသည် သြဂုတ် ၁၅ ရက်နေ့မှ ယနေ့ သြဂုတ် ၁၈ ရက်နေ့အချိန်ထိ စောင့်နေရခြင်းဖြစ်ပြီး ဂုတ်တွင်းတံတား ပြီးဆုံးချိန် ဖြတ်သန်းခွင့်ရမှသာ ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှလည်း တံတားကို ငါးရက်အတွင်း အမြန်ဆုံးပြီးစီးအောင် တည်ဆောက် ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားသည်။