ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ဝက်ခြံ ပြောတော့သာဘာမှမဟုတ်သလို သူပေးတဲ့ ဒုက္ခကမသေးဘူးရယ်။ ဝက်ခြံက မျက်နှာမှာ အဓိကထွက်တာဆိုပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ထွက်နိုင်ပါသေးတယ်နော်။ အဓိကကတော့ မျက်နှာမှာထွက်တဲ့ ဝက်ခြံတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးတာတွေ၊ ကျဆင်းတာတွေဖြစ်ရတာပါ။ ဝက်ခြံထွက်နေရင် မိတ်ကပ်လူးရတာတောင်အဆင်မပြေဘူးနော်။ အလှကြိုက်တဲ့ လေဒီလေးတွေအတွက် ဝက်ခြံက ရန်သူတော်ကြီးပါပဲ။ ဒီရန်သူတော်ကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းမျိုးစုံကြိုးစားပေမယ့် အခုထိမအောင်မြင်သေးဘူးဆိုရင်တော့ အတူတူချေမှုန်းကြည့်မလား။
ဝက်ခြံတွေကိုဒီလို ချေမှုန်းပါ
မျက်နှာမှာ ဝက်ခြံတစ်လုံးပျောက်သွားတိုင်း ဖြစ်တဲ့ ပီတိကတော်တော်လေး သဘောကျစရာပါနော်။ ဒီပီတိလေးကိုများ မခံစားချင်ဘူးလား။ ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်နော်။
Micellar Water သုံးပါ
မျက်နှာပေါ်က အညစ်အကြေးတွေကို အတွင်းပိုင်းထိသန့်စင်စေဖို့ မျက်နှာ မသစ်ခင်မှာ အရင်ဆုံး Micellar Water ကို ဂွမ်းစလေးမှာ ဆွတ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပါ။ ဒါကလည်း ဝက်ခြံဖြစ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်နော်။
မျက်နှာကို သန့်စင်ပါ
အရေးကြီးဆုံးတွေထဲကတစ်ချက်ပေါ့။ ဝက်ခြံရှိသူတွေက အခြားသူတွေထက်မျက်နှာသစ်ဆေးကို သေချာရွေးချယ်ဖို့လိုပါမယ်နော်။ အရမ်းလည်းမပြင်းဘဲ pH ပမာဏမျှတတဲ့ မျက်နှာသစ်ဆေးက အဆင်ပြေဆုံးဖြစ်မှာပါ။ မျက်နှာကိုလည်း အကြိမ်ကြိမ်သစ်နေစရာမလိုဘဲ မျက်နှာကို သွေးလည်ပတ်မှုကောင်းောင် ညင်ညင်သာသာလေးနှိပ်လို့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် မျက်နှာသစ်ရင်ကို လုံလောက်ပါပြီနော်။ Paraffin၊ mineral ပါဝင်မှုများတဲ့ မျက်နှာသစ်ဆေးတွေ၊ အမွှေးနံ့ပြင်းလွန်းတဲ့ မျက်နှာသစ်ဆေးတွေကို မရွေးပါနဲ့။ မျက်နှာသစ်တဲ့အခါ မေးရိုးတလျှောက်၊ လည်ပင်း၊ နားရွက်နောက်ပိုင်းတွေကိုပါမကျန် သန့်စင်ဖို့လိုပါမယ်နော်။ မျက်နှာမသစ်ခင် လက်အရင်ဆေးဖို့လည်း မမေ့ပါနဲ့နော်။ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းပွတ်တာမျိုး မလုပ်ပါနဲ့။
တိုနာသုံးပါ
မျက်နှာကို သစ်ပြီးပေမယ့် ကျန်နေတဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားဖို့ တိုနာကိုအားကိုးရမှာပါ။ ဒါမှ အရေပြားပေါ်က အဆီတွေ၊ ဖုန်မှုန့်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အမဲစက်တွေဖြစ်ပေါ်မှုနဲ့ ဆားဝက်ခြံတွေဖြစ်ပေါ်မှုကို တားဆီးပေးနိုင်မှာပါ။ဂွမ်းစလေးနဲ့ တိုနာကိုစုပ်ယူပြီး မျက်နှာအနှံ့နဲ့လည်ပင်းကိုပါသုံးပေးပါ။ လည်ပင်းအသားအရေက မျက်နှာအသားအရေလိုပဲ နူးညံ့ပါတယ်။ ဒါကြောင့် လည်ပင်းအသားအရေကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်နော်။
ဝက်ခြံအတွက်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတစ်ခုခုလူးပေးပါ
မျက်နှာကိုအပေါ်က ပြောတဲ့ အဆင့်လေးတွေအတိုင်းလုပ်ပြီးသွားပြီဆိုရင် ဝက်ခြံအတွက် ထုတ်ထားတဲ့ ခရင်မ်တစ်ခုခုလူးပေးပါ။ ဆရာဝန်နဲ့ပြသကြည့်လို့ရသလို ဆေးဆိုင်တွေမှာလည်း မေးပြီး ဝယ်လို့ရပါတယ်။ အခုဆို အလှအပအတွက်ကောင်တာတွေမှာ အသားအရေအတွက် အလိုက်ဖက်ဆုံးဖြစ်မယ့် အရာတွေကို ရွေးချယ်ဝယ်ယူလို့ရနေပါပြီနော်။
Moisturizer လူးပါ
ပြီးရင်တော့ အရေပြားကို ရေဓာတ်ဖြည့်ပေးဖို့ အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။ ဒီအဆင့်ကလုံးဝကျော်မသွားသင့်တဲ့ အဆင့်ပါနော်။ အသားအရေခြောက်သွေ့တာနဲ့အရေပြားအဖတ်လန်တာတွေကို သက်သာစေနိုင်ပါတယ်။ တစ်နေ့ကိုနှစ်ကြိမ်အဆီမပါတဲ့ Moisturizer လိမ်းပေးပါ။
နေလောင်ကာခရင်မ်လူးပါ
နောက်တဆင့်ကတော့ ဝက်ခြံသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ နေလောင်ကာခရင်မ်ကိုလူးဖို့ပါ။ ဒါမှ နေရောင်ကြောင့် အသားအရေထိခို်က်ပျက်စီးမှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာပါ။ Moisturizer တွေမှာ SPF ပါတတ်ပေမယ့် သားအရေကို ထိခို်က်မှုအနည်းဆုံးဖြစ်အောင်ဆိုရင် နေလောင်ကာခရင်မ် ထပ်လူးမှဖြစ်မှာပါ။ ခရမ်းလွန်ရောင်ခြည်က ဝက်ခြံအမာရွတ်တွေကို ပိုဆိုးစေနိုင်ပါတယနော်။
ပြီးရင် မိတ်ကပ်လူးလို့ရပါပြီနော်။ နောက်သတိထားရမှာက တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် မျက်နှာပေါ်ကဆဲလ်သေတွေကို ဖယ်ရှားဖို့နဲ့ ညအိပ်ရာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်နဲ့ အဆီတွေကို michellar water လေးသုံးလို့ ဖယ်ရှားလိုက်ဖို့ပါနော်။ ဒီနည်းလေးတွေအတိုင်း ပုံမှန်လုပ်ပေးသွားရင် ဝက်ခြံကင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာ အသေအချာပါနော်။