မတ် ၁၈ ။ ။ ဗလီကျောင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် နိုင်ငံ၏ သေနတ်ဥပဒေများကို တင်းကျပ်သွားတော့မယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်က အတည်ပြုသွားခဲ့ပါတယ်။
ခရစ်ချာ့ချ် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း သေနတ်ဥပဒေ ပြင်ဆင်ပြောင်းလဲဖို့ အစိုးရအဖွဲ့အနေနဲ့ မူအားဖြင့် သဘောတူထောက်ခံလိုက်ကြပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်းက မတ်လ ၁၈ ရက်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
မတ် ၁၅ ရက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာတော့ လူပေါင်း ၅၀ ထိ သေဆုံးခဲ့သလို ဒါဇင်နဲ့ချီ ဒဏ်ရာ အသီးသီး ရသွားပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံရဲ့ သေနတ်ဥပဒေ ပြင်ဆင်ပြောင်းလဲဖို့ တောင်းဆိုသံတွေ ဆူညံလာခဲ့ပြီးနောက် ယခုလို ဝန်ကြီးချုပ် အာဒန်းက ၎င်းတို့ နိုင်ငံ သေနတ်ဥပဒေ တွေ မကြာခင် ပြင်ဆင်ပြောင်းလဲမယ်လို့ ထုတ်ဖော်သွားခဲ့တာဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှု အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့် မတ် ၂၅ မတိုင်ခင် ပြည်သူကို ထုတ်ပြန်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း သူမက ထပ်လောင်း ပြောပါတယ်။
လက်ရှိ နယူးဇီလန်ရဲ့ လက်နက်ဥပဒေတွေကတော့ အိမ်နီးချင်း သြစတြေးလျက ဥပဒေတွေနဲ့ နှိုင်းယှဉ်ပါက လျော့ရဲနေလျက် ရှိတယ်လို့ သိရပါတယ်။