ဌာနဆိုင်ရာဝန်ထမ်းများဖြင့် လုံခြုံရေးတပ် ဖွဲ့စည်းဆောင်ရွက်နေရကြောင်း စစ်ကောင်စီပြော

By 001(မဇ္စျိမ)
17 November 2023
ဌာနဆိုင်ရာဝန်ထမ်းများဖြင့် လုံခြုံရေးတပ် ဖွဲ့စည်းဆောင်ရွက်နေရကြောင်း စစ်ကောင်စီပြော
ဓာတ်ပုံ- ပုံဟောင်း

မတည်ငြိမ်သေးသည့် မြို့နယ်များတွင်  ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေရခြင်း ရှိကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်​ကောင်စီဝါဒဖြန့် မြဝတီရုပ်သံတွင်  နိုဝင်ဘာလ ၁၆ ရက်နေ့က ​ပြောဆိုခဲ့သည်။

လုံခြုံရေးအ​ခြေအ​နေအရ ထိုသို့ ဖွဲ့စည်း​ဆောင်ရွက်​နေရခြင်းဖြစ်​ကြောင်း ဗိုလ်ချုပ်​ဇော်မင်းထွန်းက​ ဆိုသည်။

“နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေမှာ လုံခြုံရေးအဖွဲ့ဖွဲ့စည်းနေတယ်ဆိုတဲ့ဟာမျိုးတွေ၊ လုံခြုံရေးတပ်ဖွဲ့ဖွဲ့စည်းနေတယ်ဆိုတဲ့ဟာမျိုးတွေ ထွက်လာတာရှိပါတယ်။ ဒါဟာ အချိန်ကိုက် ဝါဒဖြန့်မှုသာဖြစ်ပါတယ်”ဟုလည်း ၎င်းက ​ပြောသည်။

"မတည်ငြိမ်​သေးတဲ့ စစ်ကိုင်းတိုင်း​ဒေသကြီးက အချို့မြို့နယ်​တွေ၊ ရခိုင်ပြည်နယ်ကအချို့မြို့နယ်​တွေ၊ ချင်းပြည်နယ်ထဲက အချို့မြို့နယ်​တွေမှာပဲ ဒါ​တွေရှိတယ်"ဟု ဆက်လက်​ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၆ ရက်​နေ့က စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် ဌာနအလိုက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တက်ရောက်ပြီးသော ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းဝန်ထမ်းများကို အခြေခံပြီး တပ်ခွဲ နှစ်ခွဲ ဖွဲ့စည်းထားပြီး လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်အတွက် လိုအပ်ပါက ဆောင်ရွက်ရန် လျှို့ဝှက် ညွှန်ကြားစာထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်​ကောင်စီအ​နေဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဝန်ထမ်းများအား စစ်ပညာသင်ကြား​ပေးခြင်းကိုအာဏာသိမ်းပြီး​နောက်ပိုင်းကတည်းက ပြန်လည်ပြုလုပ်လျက်ရှိ​ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံက သိရသည်။

အာဏာသိမ်းပြီးနောက် အင်အားပြုန်းတီးမှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်အနေဖြင့် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ပဲခူးတိုင်းတောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့ကို လက်နက်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required