ဖေဖော်ဝါရီလ ၂၅ ။ ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညနေ ၃နာရီ ၃ဝတွင် သုဝဏ္ဏကွင်း၌ စင်ကာပူကလပ် တန်ပနိစ် ရိုဗာ နှင့် AFC Cup 2019ပြိုင်ပွဲ ပထမဦးဆုံး ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။
“ဒဏ်ရာပြဿနာရှိခဲ့ပေမယ့် အခုချိန်မှာတော့ ပုံမှန်ခြေစွမ်းကို ပြန်လည် ရရှိနေပါပြီ။ ဒါ့ကြောင့် လာမယ့် ပွဲကို ယှဉ်ပြိုင်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ။” ဟု တန်ပနိစ် ရိုဗာ အသင်းနှင့် ပွဲမတိုင်မီ ကလပ်အသင်း နှစ်သင်း ပွဲအကြိုမိတ်ဆက်သည့်အခန်းတွင် ရန်ကုန်ယူနိုက်တက် နောက်ခံလူ မိုကီး က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ၂၀၁၉ ခုနှစ် အာရှချန်ပီယံလိဂ် ဒုတိယအဆင့်ခြေစစ်ပွဲကို ယှဉ်ပြိုင်ရာ ရန်ကုန် ယူနိုက်တက်အသင်းသည် ထိုင်းကလပ်ချင်းရိုင်အသင်းကို (၁-၃) ဖြင့် အဝေးကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်ပြီး Play Off အဆင့်သို့ပထမဆုံးအကြိမ်တတ်ရောက်မည့် အခွင့်အရေးဆုံးရှုံးခဲ့သည်။
ရန်ကုန် ယူနိုက်တက် အသင်းသည် ယခင် AFC Cup 2018 ပြိုင်ပွဲတွင် အာဆီယံဇုန် အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ဘက် တန်ပနိစ်ရိုဗာ အသင်းသည် အုပ်စု အဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။
မိုကီးသည် ပြီးခဲ့သည့် ၂၀၁၉ အာရှချန်ပီယံလိဂ် ခြေစစ်ပြိုင်ပွဲတွင် ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိဘဲ ယခု ပွဲမှသာ ပြန်လည် ပါဝင်လာခြင်းဖြစ်သည်။