၀ါရှင်တန်၊ ဇန်နဝါရီ ၁၈ ။ ။ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ ကြာသပတေးနေ့မှာ သမ္မတ ဒေါ်နယ်ထရမ့်က စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။
ဒီလို အဆင့်မြှင့်တင်ရာမှာ ခေတ်မီတဲ့ အသံထက် လျင်နှုန်းများစွာမြန် ဟိုက်ပါဆိုးနစ်လက်နက်တွေရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ရေးလည်း အပါအဝင် ဖြစ်ပါတယ်။
ပင်တဂွန်ကို ရောက်ရှိကာ မိန့်ခွန်းပြောဆိုစဉ်မှာ ရေရှည်စောင့်စားနေရတဲ့ ‘ဒုံးကျည််ကာကွယ်ရေး သုံးသပ်ချက် အစီရင်ခံစာ’ကို ထရမ့်က ထုတ်ပြန်လိုက်တာပါ။
ပစ်လွှတ်လာတဲ့ ပဲ့ထိန်းဒုံးတွေကို ပစ်ချနိုင်ရေး ဒီဇိုင်းဆွဲတည်ဆောက်ထားတဲ့ အမေရိကန်ရဲ့ ဒုံးကျည်ကြားဖြတ် ပစ်ချမှု ကာကွယ်ရေးကွန်ရက်အကြောင်း သုံးသပ်ထားတဲ့ အစီရင်ခံစာကို ထရမ့်က ထုတ်ပြန်တာ ဖြစ်ပါတယ်။
သမရိုးကျ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေကို အဓိကပြိုင်ဖက်တွေဖြစ်တဲ့ ရုရှနဲ့ တရုတ်တို့က တွန်းတင်တီထွင်နေတာနဲ့ ပတ်သက်ပြီး အခု သုံးသပ်ချက်မှာ အဓိကစိုးရိမ်စရာအဖြစ် ဖော်ပြထားပါတယ်။
“အမေရိကန်အနေနဲ့ ခရုစ်ဒုံးကျည်တွေ၊ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ အပါအဝင် ဘယ်လိုဒုံးကျည်တိုက်ခိုက်မှုမျိုးကိုမဆို ခုခံကာကွယ်နိုင်စွမ်းတဲ့ အနေအထားကို တည်ဆောက်သွားရမှာ ဖြစ်တယ်။”လို့ ပင်တဂွန်က စစ်ဖက်အမှုထမ်းတွေကို ထရမ့်က ပြောခဲ့ပါတယ်။