ဇန်နဝါရီ ၁၄ ။ ။ အီရန်မှာ စစ်ဘက်ကုန်တင်လေယာဉ်တစ်စင်း မြို့တော် တီဟီရန်အနီးမှာ ပျက်ကျသွားခဲ့တယ်လို့ စစ်တပ်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
ယင်း လေယာဉ်ပေါ်မှာ အနည်းဆုံး လူ ဆယ်ဦး လိုက်ပါသွားတယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
စစ်တပ်နဲ့ နီးစပ်တယ်လို့ ယူဆရတဲ့ Fars သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ လူ ၁၆ ဦး လေယာဉ်ပေါ်မှာ ပါသွားခဲ့ပြီး လေယာဉ် အင်ဂျင်နီယာတစ်ဦးပဲ အသက်ရှင်လွတ်မြောက်တယ်လို့ ပြောပါတယ်။
Alborz ဒေသမှာ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်မှာ လေယာဉ်ပေါ်ပါ ၁၅ ဦး သေဆုံးသွားခဲ့တယ်လို့ အီရန်စစ်တပ်က ပြောကြောင်း ယင်းသတင်းအေဂျင်စီက ထုတ်ပြန်ပါတယ်။
သို့ပေမယ့် နိုင်ငံပိုင် ရုပ်သံ IRIB ကတော့ လေယာဉ်ပေါ်မှာ လူ ဆယ်ဦး ပါသွားကြောင်း ထုတ်ပြန်ပေမယ့် အသေအပျောက်ကိစ္စကိုတော့ အတည်ပြုခြင်း မရှိခဲ့ပါဘူး။
" ဘိုးအင်း ၇၀၇ ကုန်တင်လေယာဉ်ဟာ ခုမနက်မှာပဲ Fath လေဆိပ်မှာအရေးပေါ် ဆင်းသက်ခဲ့ပါတယ်၊ အဲဒီလို ဆင်းသက်စဉ် ပြေးလမ်းချော်ပြီး ပြေးလမ်းအဆုံး နံရံတစ်ခုကို ဝင်တိုက်မီးလောင်သွားခဲ့ပါတယ်" ဆိုပြီး စစ်တပ်က ထုတ်ပြန်ထားပါတယ်။