ဖမ်းမိထားသော တိုက်လေယာဉ်မှူးနှင့်ပတ်သက်၍ သိရသမျှ

ဖမ်းမိထားသော တိုက်လေယာဉ်မှူးနှင့်ပတ်သက်၍ သိရသမျှ

ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ် တိုက်လေယာဉ်မှူးမှာ အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူး ခိုင်သန့်မိုးဖြစ်ကြောင်း မဇ္ဈိမက လက်ခံရရှိထားသော တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးနေသည့် ဗီဒီယိုအရ သိရသည်။

မန္တလေးဇာတိသား ကိုခိုင် (ခ) ခိုင်သန့်မိုးသည် နိုဝင်ဘာ ၁၁ ရက်နေ့က တရုတ်နိုင်ငံထုတ် K-8 အမျိုးအစားတိုက်လေယာဉ်ပျက်ကျ၍ အရေးပေါ် လေထီးခုန်ဆင်းခဲ့ပြီးနောက် တောထဲတွင်သွားလာနေထိုင်ခဲ့ရသည်ဟု ထွက်ဆိုသွားသည်။

DSA စစ်တက္ကသိုလ်အပတ်စဉ် (၄၄) ဆင်း ဗိုလ်မှူးခိုင်သန့်မိုးကို နမ့်ဆန်လေတပ်စခန်းတွင် နောက်ဆုံးတွေ့ရှိခဲ့ရကြောင်း လေတပ်မှ CDM လုပ်သည့် ဗိုလ်မှူးအဆင့်ရှိသူတဦးကလည်း မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

ဗိုလ်မှူးခိုင်သန့်မိုးသည် တောင်ယာတခုအတွင်း ဒေသခံများမှထံမှ အစားအစာတောင်းစားရာက ဖမ်းမိသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

ဖမ်းမိကာစက လေယာဉ်နှင့်ပါလာသည်မဟုတ်ကြောင်း လိမ်ညာထွက်ဆိုခဲ့သေးသည်ကိုလည်း ဗီဒီယိုဖိုင်အရသိရသည်။

သူနှင့်အတူတွဲဖက်လေသူရဲကတော့ ယခုအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု ယုံကြည်ရသည်။

စစ်ကောင်စီတပ်ကတော့ လိုက်လံရှာဖွေမှုများ ဝေဟင်မှလုပ်နေသည်ကို သိသိသာသာလျော့ချလိုက်ပြီး မြေပြင်စစ်ကြောင်းများဖြင့်ရှာဖွေနေဟန်ရှိသည်ဟု အခြေအနေကို စောင့်ကြည့်နေသည့် မဇ္ဈိမ စစ်မြေပြင်သတင်းထောက်က ပြောသည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကရင်နီပြည်နယ် လွိုင်ကော်အနီး ဘုရားဖြူကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်ပေါင်းစုတို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က တိုက်လေယာဉ်နှစ်စီးလည်း လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ မြေပြင်ရှိ ခုခံရေးတပ်များက ပြန်လှန်ပစ်ခတ်မှုများလည်းရှိခဲ့ပြီး ပျက်ကျမှုဖြစ်ပွားရာ လေယာဉ်မှူးနှစ်ဦး အရေးပေါ် လေထီးခုန်ကာ မတူသောနေရာသို့ရောက်သွားခဲ့ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required