မြိတ်၊ ဧပြီလ ၂၀ ။ ။ မြိတ်ဒေသထွက် နာမည်ကြီး ငါးခြောက် တစ်မျိုး ဖြစ်သည့် ငါးပုပ်ခြောက်သည် ကုန်ကြမ်းရှားပါးမှုကြောင့် စျေးကွက်အတွင်း စျေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ၁ ပိသာလျှင် ၃၀၀၀၀ ကျပ်သာ ရှိရာမှ ယခုနှစ်မှာ ကုန်ကြမ်းရှားပါးလာမှုကြောင့် ငါးပုပ် ခြောက် ၁ ပိသာကို ၄၀၀၀၀ ကျပ်အထိ စျေးပေါက်နေကြောင်း ငါးခြောက် အရောင်း/ ၀ယ် စျေးကွက် အတွင်းမှ သိရသည်။
ကျွန်းစုမြို့နယ်၊ ၀က်ဖြူတောင်နှင့် သားများ အမိကျွန်း တဝိုက်တွင် အများဆုံးတွေ့ရသည့် ကက္ကူရံ (ကျွဲရင်) ဒေသအခေါ် ငါးပုပ်ခြောက်သည်၊ ငါးခြောက် ပြုလုပ်ရာတွင် အပုပ်ခံ၍ ငါးခြောက် အဖြစ်သို့ ပြုလုပ်ခြင်း ဖြစ်သည်။
“ ဒီငါးပုပ်ခြောက်ကို ပြုလုပ်ရတဲ့ ကက္ကူရံ (ကျွဲရင်) ငါးသည်၊ ဘာကြောင့် ရှားပါးလာရသလဲဆိုတော့ အဓိက ကတော့ တရားမဝင် ငါးဖမ်းဆီးခြင်းနှင့် ကမ်းဝေးငါးဖမ်းလှေတွေက ကမ်းနီးမှာ ၀င်ဆွဲတော့ ဒီငါးတွေက တဖြည်းဖြည်း နည်းပါးလာတာ ဖြစ်တယ်၊ အခုဆိုရင် ဒီငါးတွေကို ထပ်ပြီး အမျိုးပွားနိုင်အောင်ဆိုပြီး ငါးမဖမ်းရဇုံတွေ သတ်မှတ်ထားသော်လည်း ဒေသခံ ရေလုပ်သားတချို့က သတ်မှတ်နယ်မြေတွေမှာ ၀င်ရောက် ဖမ်းဆီးနေလို့ ငါးမျိုးသုန်းလာတယ်’’ ဟု စခန်းသစ်ကျေးရွာမှ ရေထွက်ပစ္စည်းအဝယ်ဒိုင်မှ ဦးဝင်းကိုကိုက ပြောသည်။
ကက္ကူရံ (ကျွဲရင်) ဒေသအခေါ် ငါးပုပ်ခြောက်သည်၊ ကျွန်းစုမြို့နယ်ရှိ စခန်းသစ်ကျေးရွာတွင် အများဆုံး ထုတ်ပြီး၊ မြိတ်ဒေသထွက် လက်ဆောင်ပစ္စည်းအရောင်းဆိုင်များနှင့် ရန်ကုန်စျေးကွက်သို့ အဓိကထား တင်ပို့ကြောင်း သိရသည်။