လက်ရှိဂျိမ်းစ်ဘွန်းစ်မင်းသားဖြစ်သော ဗြိတိန်သရုပ်ဆောင် ဒန်နီရယ်ခရိတ်ခ် အနားယူသွားချိန်တွင် သူ၏နေရာ ကိုဆက်ခံပြီး ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ရန် ရေပန်းစားနေသော မင်းသားများစာရင်းထဲတွင် နာမည်ကျော် အင်္ဂလိပ်မင်းသား တွမ်ဟာဒီက ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။
လက်ရှိအချိန်တွင် ခရိတ်ခ်သည် လာမည့်နှစ်ခရစ္စမတ်ကာလတွင် ထွက်ရှိမည့် သူ၏ ငါးကားမြောက် ဂျိမ်းစ်ဘွန်း ဇာတ်ကားထဲ၌ ပါဝင်သရုပ်ဆောင်ထားပြီး ထိုဇာတ်ကားသည် သူ့အတွက် ဂျိမ်းစ်ဘွန်းအဖြစ်နောက်ဆုံး သရုပ်ဆောင်ထားသည့် ဇာတ်ကားဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သူ၏ နေရာကိုဆက်ခံမည့်မင်းသားများအား ရုပ်ရှင်ထုတ်လုပ်သူများနှင့် ပရိသတ်များက စဉ်းစားနေပြီ ဖြစ်ပြီး တွမ်ဟာဒီ၊ ဂျိမ်းစ်နော်တွန်နှင့် အိုင်ဒရစ်အိုင်ဘာတို့ကဲ့သို့သော နာမည်ကျော် အင်္ဂလိပ်မင်းသားများထဲမှ တစ်ယောက်ယောက် ဖြစ်နိုင်သည်ဟု အမျိုးမျိုးထင်ကြေးပေးလျက်ရှိသည်။
သို့သော်လည်း ဘွတ်ကီလောင်းကစားဒိုင်များ၏ ကြေးဖွင့်ချက်အရ မင်းသားတွမ်ဟာဒီသည် အခြားရေပန်းစား နေသော မင်းသားတစ်ဦးဖြစ်သည့် ဂျိမ်းစ်နော်တွန်ကို ဖြတ်ကျော်ကာ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခွင့်ရရှိဖို့ အလားအလာအကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။
နာမည်ကျော်ရုပ်ရှင်များဖြစ်သည့် Mad Max: Fury Road၊ Legend နှင့် The Revenant နှင့် အခြားနာမည်ကြီး ဇာတ်ကားများထဲ၌ ပါဝင်သရုပ်ဆောင်ထားသည့် မင်းသားတွမ်ဟာဒီသည် ဂျိမ်းစ်ဘွန်းဇာတ်ကောင်နှင့် လုံးဝလိုက်ဖက်မည်ဟု သူ၏ ပရိသတ်များအပါအဝင် အများစုက တစ်ထစ်ချယုံကြည်လျက်ရှိသည်။
Ref: Telegraph