နိုဝင်ဘာ ၂၁၊ အင်္ဂလန် ။ ။ စတုခ်စီးတီးတိုက်စစ်မှူး ပီတာခရော့ချ်ဟာ ဘရိုက်တန်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ရောက်ကစားခွင့်ရခဲ့တဲ့အတွက် ပရီးမီးယားလိဂ်မှာ လူစားဝင်ကစားရမှုအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
လီဗာပူးလ်၊ စပါးနဲ့ပို့စ်မောက်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ပီတာခရော့ချ်ဟာ ၁၄၃ ကြိမ်မြောက် လူစားလဲဝင်ရောက်ကစားခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို မှတ်တမ်းမျိုးရရှိခဲ့လို့ ဂုဏ်ယူသင့်သလားဆိုပြီး ပီတာခရော့ချ်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ပီတာခရော့ချ်ဟာ ပရီးမီးယားလိဂ်မှာ ခေါင်းတိုက်ဂိုး ၅၀ အထိသွင်းယူထားပြီး ခေါင်းတိုက်သွင်းဂိုးအများဆုံးသွင်းယူထားနိုင်တဲ့တိုက်စစ်မှူးအဖြစ်လည်း မှတ်တမ်းတင်ထားသူ ဖြစ်ပါတယ်။
ပီတာခရော့ချ်ဟာ ဒီရာသီမှာ စတုခ်စီးတီးအတွက် ၁၀ ပွဲပါ၀င်ကစားထားပြီး ၄ ဂိုးသွင်းယူပေးထားပါတယ်။ အဲ့ဒီ ၁၀ ပွဲမှာ ၉ ပွဲက လူစားဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။
ပီတာခရော့ချ်ရဲ့နောက်မှာ နယူးကာဆယ်တိုက်စစ်မှူးဟောင်း အမီယိုဘီက ၁၄၂ ကြိမ်နဲ့ ဒုတိယလူစားလဲဝင်ရောက်ကစားမှု အများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်လျက်ရှိနေပါတယ်။
ရည်ညွှန်း ဒေးလီးမေးလ်