အမေရိကန် စူပါမားကတ်တစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူ ၁ ဦးသေဆုံး

အမေရိကန် စူပါမားကတ်တစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူ ၁ ဦးသေဆုံး

ဇူလိုင် ၂၂ ။             ။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က Trader Joe’s စူပါမားကတ်မှာ ဇူလိုင် ၂၁ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်လို့ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အခြားတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်သမားဖြစ်သူကတော့ ဆိုင်တွင်း ဓားစာခံထိန်းသိမ်းမှုတွေ လုပ်ခဲ့သေးပြီး ယခုအခါမှာ ရဲထံ လက်နက်ချ အဖမ်းခံလိုက်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်းဖြစ်စဉ်ကတော့ အခြားနေရာတစ်ခုကနေ စဖြစ်ခဲ့တာ ဖြစ်ပြီး သေနတ်သမား အမျိုးသားဟာ မိသားစုတွင်း ရန်ဖြစ်စကားများရာကနေတဆင့် အဘွားဖြစ်သူနဲ့ အခြား အမျိုးသမီးတစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲကြပ်ကြီး ဘယ်ရီ မောင့်တ်ဂိုမာရီက ဂျာနယ်လစ်တွေကို ပြောပါတယ်။

“ အဲဒီလိုနဲ့ ဒီသေနတ်သမားက သူ့ဘွားအေ ကားကို ယူမောင်းပြီး ဒီစူပါမားကတ်ဆီ ထွက်ပြေးလာခဲ့တယ်၊ အပစ်ခံရတဲ့ အမျိုးသမီးကိုပါ သူနဲ့ တစ်ပါတည်း ခေါ်လာခဲ့တယ်လေ၊ ပြီးတော့ ဒီ Trader Joe’s စူပါမားကတ်ထဲ ဝင်လာခဲ့တာပါ” ဆိုပြီး ၎င်းက ရှင်းပြပါတယ်။

ယင်းအချိန်မှာ ရဲတွေက ၎င်းသေနတ်သမားနောက် လိုက်လာတဲ့အခါမှာ သေနတ်သမားဘက်က ရဲတွေဆီကို အချက်ပေါင်းမြောက်မြားစွာ ပစ်ခတ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

အဲဒီလိုနဲ့ ရဲတွေဘက်က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် သေနတ်သမား လက်မောင်းမှာ သေနတ်ဒဏ်ရာ ရသွားခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်တွင်းမှာ အမျိုးသမီးတစ်ဦးလည်း ပစ်ခတ်ခံခဲ့ရပြီး နောက်ပိုင်း သေဆုံးခဲ့ရပါတယ်။

ယခုအချိန်မှာတော့ အဆိုပါ သေနတ်သမားဟာ လက်နက်ချ အဖမ်းခံလိုက်ပြီဖြစ်တာကြောင့် အန္တရာယ်ရှင်းသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required