ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီသည် ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်တွေသို့ရောက်ရှိလာမည်ဖြစ်ပြီး စစ်တွေဒေသခံများက စစ်တွေလေယာဉ်ကွင်းတွင် ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ကြောင်း သိရသည်။
“သူက ရခိုင်ပြည်သူပြည်သားတွေကို အားပေးဖို့လာတာမဟုတ်ပါဘူး။ ဘင်္ဂလီအရေးကိုပဲ အားပေးဖို့လာတာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်လာမှာကို လုံးဝမလိုလားဘူး။ အရင်ရခိုင်ပြည်ကို လာတုန်းကလည်း လူနည်းစု ဘင်္ဂလီတွေကို လူများစုရခိုင်တွေကပဲ အနိုင်ကျင့်တယ်။ ဘင်္ဂလီတွေ ဒုက္ခရောက်တယ်ဆိုပြီး သူက အဲလိုပဲ အထက်ကိုတင်ပြတာပဲရှိတယ်။ နိုင်ငံတကာက ရခိုင်ပြည်ကို မျက်စောင်းထိုးအောင် သူပဲလုပ်တာ။ သူဒီကိုလာမှာ ရခိုင်တစ်ပြည်လုံးက မလိုလားဘူး။ ဒါကြောင့် တညီတညွတ်တည်း ကန့်ကွက်ဆန္ဒပြသွားမှာ ဖြစ်တယ်”ဟု ရခိုင့်အလင်းတံခါး အဖွဲ့မှ ဒေါ်ဖြူဖြူသန်းက ပြောသည်။
မစ္စယန်ဟီလီသည် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာခြင်းမှာ ယခင်ခရီးစဉ်များကဲ့သို့ ဘင်္ဂလီအရေးကိုသာ ကြည့်ရှု ဆောင်ရွက်ရန် လာရောက်မည်ကြောင်း ရခိုင်သူရခိုင်သားများအနေနှင့် တစ်ပြိုင်နက်တည်း ကန့်ကွက် ဆန္ဒထုတ်ဖော်ရန် လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။
၎င်းသည် ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့သို့ လာရောက်မည်ဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောမြို့များသို့ ဆက်လက်သွားရောက် လေ့လာမည်ဖြစ်ကာ သူ၏ ခရီးစဉ်အတွင်း လေ့လာတွေရှိချက်များကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အထူးအစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။