နေပြည်တော်၊ ဇွန်-၂၆ ။ ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ဘဏ္ဍာငွေသုံးစွဲနိုင်မှု အားနည်းသောကြောင့် သင့်လျော်သော ဓာတ်အားခ နှုန်းထားကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။
တိုင်းပြည်၏ လျှပ်စစ်ကဏ္ဍ တိုးတက်ရေးအတွက် ရင်းနှီးမြှပ်နှံရမည့် ကိစ္စများတွင် ဘဏ္ဍာငွေ သုံးစွဲနိုင်မှု အားနည်းသောကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းသလောက် မအောင်မြင်နိုင်ကြောင်း ဒုဝန်ကြီးက ပြောကြားလိုက်ခြင်းဖြစ်ပြီး ထို့အတွက်ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ကုန်ကျသည့်စရိတ်များကို ကာမိသည့် သင့်လျော်သော ဓာတ်အားခနှုန်းထားကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ကြောင်း ဆိုသည်။
ဒုတိယဝန်ကြီးက ဇွန် ၂၆ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းဝေးတွင်း တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးအုန်းခင် မေးမြန်းသည့် မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ကောက်ယူနေသော လျှပ်စစ်မီတာခကို သင့်တင့်မျှတသော ဈေးနှုန်းသို့ ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းလည်းဖြစ်သည်။
နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကဏ္ဍတွင်လည်း နိုင်ငံပိုင် ဓာတ်အားပေးစက်ရုံ အသစ်များ တည်ဆောက်ပြီးစီးမှု မရှိသောကြောင့် ပုဂ္ဂိလိကမှ စုစုပေါင်းဓာတ်အား ထုတ်လုပ်မှု ၅၁ရာခိုင်နှုန်းအထိ ပါဝင်နေရသည်။
လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သော ဓာတ်အားပေးစက်ရုံများထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရသည့် စရိတ်က များလာကြောင်း ဒေါက်တာထွန်းနိုင်က ဆိုပါသည်။
ထို့အပြင် ပုဂ္ဂလိက ရေအားလျှပ်စစ် စက်ရုံမှ ဝယ်ယူရသည့် နှုန်းထားသည် တစ်ယူနစ်လျှင် ပျမ်းမျှ ၆၈ကျပ်ခန့်၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများမှ တစ်ယူနစ်လျှင် ပျမ်းမျှ ၁၅၈ ကျပ်ခန့် ဝယ်ယူရပြီး နိုင်ငံပိုင် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် တစ်ယူနစ် ကုန်ကျစရိတ်ထက်များပြားကြောင်း ၎င်းကဆိုသည်။
နိုင်ငံပိုင်လျှပ်စစ် ဓာတ်အားပေး စက်ရုံများနှင့် ပုဂ္ဂလိက စက်ရုံများမှ ထုတ်လုပ်သော ဓာတ်အားတစ်ယူနစ် ကုန်ကျစရိတ်သည် ၉၁.၉၂ ကျပ်ခန့်ရှိပြီး တစ်ယူနစ်အတွက် ပြန်လည် ကောက်ခံရရှိသောငွေမှာ ပျှမ်းမျှ ၆၉.၂၆ ကျပ်သာ ဖြစ်၍ နိုင်ငံတော်ဘက်ဂျက်မှ တစ်ယူနစ်တိုင်းအတွက် ၂၂.၆၆ ကျပ်ခန့် စိုက်ထုတ်ပေးနေရသည်ဟုဆိုသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ယင်းသို့ စိုက်ထုတ်ပေးရမှုမှာ စုစုပေါင်း ၃၃၇ ဘီလီယံကျပ်ခန့် အရှုံးခံ စိုက်ထုတ်ခဲ့ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်သူ့လွှတ်တော်စည်းဝေးတွင်း ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံတွင်း လျှပ်စစ်ဓာတ်ာအား သုံးစွဲရမည့် လူဦးရေ ၁၀၀ရာခိုင်နှုန်းတွင် ၃၈ ရာခိုင်နှုန်းသာ သုံးစွဲနိုင်နေပြီး ကျန် ၆၂ ရာခိုင်နှုန်းသည် ၎င်းတို့နှင့် သက်ဆိုင်သော ပြည်သူ့ဘဏ္ဍာထဲမှ လျှပ်စစ်ဓာတ်အားအတွက် အရှုံးခံနေရသည်များကို မျှဝေပေးနေရသကဲ့သို့ဖြစ်နေကြောင်း ၎င်းကဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင်း လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို အိမ်သုံးဓာတ်အား တစ်ယူနစ်လျှင် ၃၅ကျပ်မှ အမြင့်ဆုံး ၅၀ကျပ်နှင့် စီးပွားရေးလုပ်ငန်း/ စက်မှုလုပ်ငန်းသုံးဓာတ်အား တစ်ယူနစ်လျှင် အနိမ့်ဆုံး ၇၅ ကျပ်မှ အမြင့်ဆုံး ၁၅၀ ကျပ် ဟူ၍ နှစ်မျိုးခွဲခြားကာ ကောက်ခံလျက်ရှိသည်။