ရီယိုဒီဂျနေးရိုး၊ မေ ၃၁ ။ ။ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံး ၇ဦးခန့် သေဆုံးခဲ့ပြီး ၆ဦးခန့် ပျောက်ဆုံး နေကာ လူပေါင်း ၅သောင်းကျော်ကို နေရာပြောင်းရွှေ့ပေးထားရကြောင်း အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အရာရှိများက အင်္ဂါနေ့တွင်ပြောခဲ့သည်။
ရေကြီးမှုကြောင့် ထိခိုက်မှုအရှိဆုံးနေရာများမှာ ပါနမ်ဘူကိုပြည်နယ်အတွင်းမှဖြစ်ပြီး ထိုနေရာများမှ လူပေါင်း ၄၄၈၀၁ ဦးခန့်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ၂၆၅၆ဦးခန့်သည် ၎င်းတို့၏ နေအိမ်များကို ဆုံးရှုံးခဲ့ရ ကြောင်း ပါနမ်ဘူကို အရေးပေါ်စီမံခန့်ခွဲရေးဌာနက ပြောခဲ့သည်။
ပါနမ်ဘူကိုပြည်နယ်အတွင်းရှိ လူ ၂ဦးသည် တစ်ဟုန်ထိုး ရွာသွန်းနေသော မိုးရေများအတွင်း သေဆုံးခဲ့ပြီး နောက်ထပ် ၂ဦးခန့် ပျောက်ဆုံးနေကြောင်း သိရသည်။ ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၅မြို့မှ အရာရှိများက ရေကြီးမှုနှင့် ပက်သက်၍ အရေးပေါ်ကြေညာချက်ကို ထုတ်ပြန်ထားခဲ့သည်။
ရေကြီးမှုသည် အချို့မြို့များတွင် ပြီးခဲ့သော အင်္ဂါနေ့က ယုတ်လျော့သွားခဲ့သော်လည်း ကြီးမားသောရွှံ့ပုံကြီးများ နှင့် အမှိုက်ပုံကြီးများ တင်ကျန်ရစ်ခဲ့သည်။
အလာဂိုအက်စ်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၈ မြို့သည် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီး ပြည်နယ်အတွင်း၌ အနည်းဆုံး ၅ ဦးခန့် သေဆုံးခဲ့ကာ ၄ဦးခန့် ပျောက်ဆုံးနေကြောင်း သိရသည်။
အလာဂိုအက်စ်ပြည်နယ်အတွင်းမှ လူပေါင်း ၉ထောင်ခန့်ကို နေရာပြောင်းရွှေ့ပေးထားရကြောင်း အရေးပေါ် စီမံခန့်ခွဲရေး အရာရှိများက ပြောခဲ့သည်။
ပြီးခဲ့သော တနင်္ဂနွေနေ့က သမ္မတမိုက်ကယ်တီးမားသည် ရေကြီးနေသော ပြည်နယ်နှစ်ခုသို့ ရောက်ရှိခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်နစ်နာခဲ့ရသော နေရာဒေသများကို အကူညီအများ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။