စက်တင်ဘာ ၂၆၊ အင်္ဂလန် ။ ။ မန်ယူအသင်းအတွက် ခြေစွမ်းပြဂိုးများသွင်းယူနေသည့် အသက် ၁၈ နှစ်အရွယ်လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သည် မန်ယူတွင်ရွန်နီ၏ ပထမဆုံးပွဲထွက် ၂၅ ပွဲ ဂိုးသွင်းစံချိန်နှင့်တူညီအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မစ်ဂျေလန်းအသင်းနှင့်ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင် အရန်ကစားသမားအဖြစ် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပြီး ထိုပွဲမှာပင် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်တွင်လည်း အာဆင်နယ်နှင့်ပွဲတွင် နှစ်ဂိုး၊ မန်စီးတီးနှင့်ပွဲတွင် တစ်ဂိုးသွင်းယူကာ မန်ယူအသင်းကိုနိုင်ပွဲများရရှိစေခဲ့သည်။
ပြီးခဲ့သည့်ရာသီက မန်ယူအတွက် စုစုပေါင်း ၁၈ ပွဲကစားခွင့်ရရှိခဲ့ပြီး ၈ ဂိုးသွင်းယူနိုင်ခဲ့သည်။ ယခုနှစ်ရာသီအစတွင်လည်း နည်းပြမော်ရင်ဟို၏အသင်းတွင် ရက်ရှ်ဖို့ဒ်ဆက်လက်ခြေစွမ်းပြနေပြီး ၇ ပွဲတွင် လေးဂိုးသွင်းယူပေးထားသည်။ လက်စတာကို လေးဂိုး-တစ်ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင်လည်း ရက်ရှ်ဖို့ဒ် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် ရက်ရှ်ဖို့ဒ်သည် မန်ယူအတွက် ပထမဆုံးပွဲထွက် ၂၅ ပွဲတွင် ၁၂ ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်သည်။ ထိုပမာဏမှာ ၂၀၀၄-၀၅ ခုနှစ်က ဝိန်းရွန်နီ မန်ယူအသင်းအတွက် စတင်ပွဲထွက်ခွင့်ရသည့် ၂၅ ပွဲတွင် သွင်းယူခဲ့သည့် ဂိုးအရေအတွက်နှင့် အတူတူပင် ဖြစ်သည်။
ရွန်နီမှာ ၂၀၀၄ ခုနှစ်က အဲဗာတန်မှ မန်ယူသို့ ပြောင်းရွှေ့ကြေး ပေါင် ၂၅.၆ သန်းဖြင့်ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၀၄ အောက်တိုဘာလတွင် အာဆင်နယ်အသင်း၏ ၄၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို အိုးထရက်ဖို့ဒ်ကွင်း၌ ရပ်တန့်ပေးခဲ့သူ ဖြစ်သည်။
ရက်ရှ်ဖို့ဒ်မှာ မန်ယူ၏လူငယ်အကယ်ဒမီမှ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ယခုအချိန်တွင် အင်္ဂလန်လက်ရွေးစင်အဖြစ် သုံးပွဲကစားကာ တစ်ဂိုးသွင်းယူပေးထားသည့် လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်သည်။
ရည်ညွှန်း သည်ဆန်း