ဆိုးလ် ၊ သြဂုတ် ၃ ။ ။ တောင်ကိုရီးယား မင်းသား လီဗြောင်ဟွန်းသည် မကြာမီထုတ်လွှင့်ပြသမည့် ဟောလိဝုဒ်ရုပ်ရှင်ကား “Magnificent Seven”တွင် အနောက်တိုင်း ကောင်းဘွိုင်အဖြစ် သရုပ်ဆောင်ထားပုံများကို ထုတ်ဖော်ပြသခဲ့သည်။
ရုပ်ရှင်ထုတ်လုပ်ရေး Universal Pictures က ဓားများကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ပြီး တိုက်ပွဲများကို ကျွမ်းကျင်စွာ တိုက်ခိုက်နိုင်စွမ်းရှိသူ ဘေလ်ရော့ခ်အဖြစ် သရုပ်ဆောင်ထားသော လီဗြောင်ဟွန်း၏ ဓာတ်ပုံများကို ထုတ်လွှင့်ပြသခဲ့သည်။
လီဗြောင်ဟွန်းသည် ဟောလိဝုဒ်သရုပ်ဆောင်များဖြစ်သော ဒန်ဇဲလ်ဝါရှင်တန် ၊ ခရစ်ပက် ၊ အီသန်ဟော်ကီ ၊ဗင်ဆက်ဒီနိုဖရီအို ၊ မန်ဝဲလ်ဂရက်ဆီရယ်ရဲလ်ဖို နှင့် မာတင်ဆန်မီအာတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားသည်။အဆိုပါရုပ်ရှင်ကားသည် ဆူပူသောင်းကြမ်းသော ဓားပြများ၏ တိုက်ခိုက်မှုကို ခံစားနေရသော ကျေးရွာလေးတစ်ရွာအကြောင်းကို ပုံဖော်ရိုက်ကူးထားသည်။
လီဗြောင်ဟွန်းသည် ယခင်က အဆိုပါရုပ်ရှင်ကားရိုက်ကူးမှုနှင့်စပ်လျဉ်း၍ ကွဲပြားခြားနားမှုများရှိကြောင်း ပြောကြားခဲ့သော်လည်း ယခုထုတ်လွှင့်ပြသခဲ့သော ဓာတ်ပုံများတွင် လီဗြောင်ဟွန်းသည် ရဲရင့်သော သေနတ်သမားတစ်ဦးအဖြစ် သရုပ်ဆောင်မှုသည် အလွန်လိုက်ဖက်သည်ကို တွေ့ရသည်။
အဆိုပါ ရုပ်ရှင်ကားကို စက်တင်ဘာ၈ရက်တွင် Toronto နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက်ပြသရန် စီစဉ်ထားသည်။