စစ်တွေ၊ ဇူလိုင် ၂၇ ရက် ။ ။ ၁၉၉၁ ခုနှစ် ဝန်းကျင်က စစ်တွေမြို့ရှိ ရပ်ကွက်များကို တိုးချဲ့ရာတွင် သိမ်းဆည်းခံခဲ့ရသည့် မြေများအတွက် လျော်ကြေးပေးအပ်မှုများ မရှိခဲ့ခြင်းအပေါ် ဖြေရှင်းပေးရန် မူလ လယ်ပိုင်ရှင် ၄၂ ဦးက တောင်းဆိုလိုက်သည်။
သိမ်းဆည်းခံမြေများမှာ စစ်တွေမြို့ရှိ ယခု မင်းဂံရပ်ကွက် တည်ဆောက်ထားသည့် ကွင်းအမှတ် ၅၅၇ နှင့် ၅၅၈ တို့ဖြစ်ပြီး မြေဧရိယာ ၁၉၃၅၆ ဧက ခန့်ရှိကြောင်း မူလ လယ်ပိုင်ရှင်များက ပြောသည်။
“ဒီမြေတွေဟာ ကျွန်မတို့ မိဘဘိုးဘွားတွေတွေ လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ မြေတွေပါ။ ၈၈ အရေးအခင်း နောက်ပိုင်း ၁၉၉၀-၉၁ လောက်မှာ ရွာတိုးချဲ့ဖို့ဆိုပြီး သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အထိ ကျွန်မတို့ မြေပိုင်ရှင်တွေဟာ လျော်ကြေးတစ်စုံတစ်ရာ မရရှိသေးဘူး။ သိမ်းတဲ့အခါလည်း ဘာကြောင့်သိမ်းတယ်။ ဘာလုပ်ဖို့ သိမ်းတယ်ဆိုတာကို မပြောဘဲ သိမ်းခဲ့တာပါ။ နောက်ပိုင်းမှ အိမ်ရာတွေချပေးတာပါ။ မသိမ်းဆည်းခင်အထိ ကျွန်မတို့မှာ ဒီလယ်မြေတွေအတွက် အစိုးရကို တင်းတွေဆပ်၊ အခွန်တွေဆောင်ပြီး လုပ်ကိုင်ခဲ့တဲ့ လယ်မြေတွေပါ။ အဲဒီပြေစာတွေဟာ အခုထိ ကျွန်မတို့ဆီမှာ ရှိပါတယ်။ အခုကျွန်မတို့တွေပိုင်ဆိုင်တဲ့ မြေတွေကိုပြန်ပေးဖို့ တောင်းဆိုထားပါတယ်။ ပြန်ပေးလို့မရတဲ့ မြေတွေကိုလည်း လျော်ကြေးနစ်နာကြေးတွေပေးဖို့ တောင်းဆိုတာပါ။ ” ဟု လယ်ပိုင်ရှင် ဒေါ်ညွန့်စိန်ချေက ပြောသည်။
သိမ်းဆည်းမြေဧက နှစ်သောင်းခန့်တွင် မင်းဂံရပ်ကွက်အပြင် အဝေးပြေးကားဂိတ်၊ ဝန်ထမ်းအိမ်ရာ၊ တိုင်းရင်းဆေးရုံနှင့် ထွေအုပ်ပိုင်အဆောက်အဦးများ ဆောက်လုပ်လျှက်ရှိပြီး ကျန်မြေကွက်လပ်များကိုလည်း စိုက်ပျိုးရေးဌာနပိုင်အဖြစ်သတ်မှတ်လိုက်ပြီး သီးနှံစိုက်ခင်းများပြုလုပ်လျှက် ရှိနေရာမှ ယခုအခါ စီးပွားရေး လုပ်ငန်းရှင်များအား အိမ်ရာမြေများအဖြစ် ရောင်းချထားသည်။
“ရွာသားတွေအနေနဲ့ ဒီမြေတွေကိုပြန်ရဖို့အတွက် အစိုးရကို တင်ပြတောင်းဆိုထားတာ ၁၃ ကြိမ်ရှိနေပါပြီး ၂၀၀၃ ခုနှစ်ကတည်းကနေ တောင်းဆိုလာခဲ့တာပါ။ ၂၀၁၄ ခုနှစ်က မြို့နယ်ထွေအုပ်ကနေ အကြောင်းပြန်လာပါတယ်။ ဒီမြေတွေကို သူတို့အစိုးရအနေနဲ့ မစွန့်လွှတ်နိုင်ဆိုပြီးတော့ စာထုတ်ပါတယ်။ တိုင်းရင်းဆေးရုံတွေ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ထားတာကြောင့် ပြန်ပြီးတော့ မပေးနိုင်ကြောင်း အကြောင်းပြန်ပါတယ်။ အခုတောင်းလို့လည်း မရဘူး။ လျော်ကြေးလည်း မပေးဘူးဆိုလို့ရှိရင် အစိုးရရုံးရှေ့ကိုသွားပြီးတော့ ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။” ဟု အာရက္ခ ဖောင်ဒေးရှင်း ဆရာတော် အသျှင် ဦးသောဘိတက မိန့်သည်။
သိမ်းဆည်းခံမြေ (၄၀ × ၆၀) ပေ တကွက်လျှင် ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ထိ ပေါက်ဈေးရှိနေပြီး ပေးလျော်မည်ဆိုပါက ကာလပေါက်ဈေးအတိုင်း ရရှိရန်နှင့် မပေးလျော်နိုင်ပါက မြေကို ပြန်လည်ရရှိရန် လိုလားကြောင်း မူလ လယ်ပိုင်ရှင်များက ပြောသည်။