စစ်ကိုင်းတိုင်း ၊ ရေးဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်ဂိတ် နှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော်က နိုဝင်ဘာလ ၉ရက် ယနေ့တွင် ထုတ်ပြန်သည်။
ရေဦးမြို့နယ်အတွင်းရှိ တိုင်းရင်းဆေးရုံတွင် အင်အား ၁၀၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၆ရက် နေ့လယ် ၁၂နာရီ ၄၅မိနစ်မှ ၁ နာရီ ၃၀မိနစ်အချိန်ထိ ဒရုန်းဖြင့် ဗုံးသီး ၁၂လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း နယ်မြေခံများထံမှတဆင့် စုံစမ်းသိရကြောင်းဆိုသည်။
“သေဆုံးဒဏ်ရာရတာတွေက ရေဦးဆေးရုံပေါ် တင်ထားတာရယ် ၊ နယ်မြေခံတွေဆီက စုံစမ်းရတာကို ပြန်ပြီးအတည်ပြုထားတာပါ ၊ မစ်ရှင်အပြီး သတင်းတန်းမတင်ဘဲ ကျွန်တော်တို့ကိုယ်တိုင် အတည်ပြုချက်ယူပြီးမှ ထုတ်ပြန်တာပါ” ဟု စစ်ကိုင်းခရိုင် တပ်ရင်း(၂) တာဝန်ခံ က မဇ္စျိမ ကိုပြောသည်။
ထို့ပြင် ရေဦးမြို့နယ် ရွှေကျီးမင်းဂိတ်နှင့် ဂါဝီဂိတ်တို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို နိုဝင်ဘာ ၇ရက်နေ့ ည ၇နာရီ ၁၀မိနစ်မှ ၈နာရီ ၅မိနစ် အချိန်ထိ ဒရုန်းဖြင့် ဗုံးသီး ၁၂လုံးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကာ ရေဦးမြို့ဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်း စုံစမ်းသိရှိရသည် ဟု ထုတ်ပြန်ချက်တွေဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂) မှ ဦးဆောင်ပြီး Ghost Team Ranger Myinmu(GTR MMU) ၊ အမှတ်(၁၈၀၁) Federal Wings ဒရုန်း တပ်ရင်း၊ ရွှေဘိုခရိုင် တပ်ရင်း(၁၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)